spot_img
Wednesday, December 10, 2025
More
    spot_img
    Homeအယ်ဒီတာ့အာဘော်ထာဝရငြိမ်းချမ်းရေးနှင့် စစ်မှန်သောငြိမ်းချမ်းရေး

    ထာဝရငြိမ်းချမ်းရေးနှင့် စစ်မှန်သောငြိမ်းချမ်းရေး

    -

    သမ္မတဦးသိန်းစိန် ဦးစီးသည့်အစိုးရသည် မတူညီသည့် တိုင်းရင်း သားလက်နက်ကိုင်အင်အားစုများနှင့် ခေါ်ယူတွေ့ဆုံကာ ”မဏာမငြိမ်း ချမ်းရေး” အတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိအောင် ဆောင်ရွက်ကာ ထိုမှတဆင့် ”ထာဝရငြိမ်းချမ်းရေး” ဆီသို့ ချီတက်သွား မည်ဟု ၄င်း၏ မိန့်ခွန်းတွင်ဖြစ်စေ၊ သတင်းမီဒီယာများတွင်ဖြစ်စေ၊ ဖော်ပြထားသည်ကို တွေ့ရှိရပေသည်။

    တိုင်းရင်းသားခေါင်းဆောင်များအား လူမျိုးစုတို့၏ အခွင့်အရေးကို အာမခံသည့် ”စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး” အတိုကောက် အားဖြင့် စစ်မှန်သောငြိမ်းချမ်းရေးကို တောင်းဆိုထားပေသည်။ စစ်မှန် သောငြိမ်းချမ်းရေး ပြည်တွင်းစစ်ရပ်တန့်ရေး စသည့်ကောင်းမွန်သော နိုင်ငံရေးစေတနာဖြင့် တိုင်းရင်းသားအဖွဲ့တချို့မှ ”အပစ်အခတ်ရပ်စဲရေး” သဘောတူညီချက်အတွက် လက်မှတ်ရေးထိုးခဲ့ပေသည်။

    အစိုးရ၏ ထာဝရငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားတို့၏ စစ်မှန်သော ငြိမ်းချမ်းရေး မည်သို့ကွာခြားပါသနည်း။ ထိုမတူညီသော ငြိမ်းချမ်းရေး စကားရပ် (၂) ရပ်၏ နောက်ကွယ်တွင် မည်သည့်နိုင်ငံရေး အယူအဆများ ရှိနေနိုင်ပါသနည်း သုံးသပ်ကြရန် လိုအပ်နေပေသည်။

    အစိုးရ၏ ထာဝရငြိမ်းချမ်းရေးကာ အဘယ်နည်း။ တိုင်းရင်းသားများ လက်နက်ကိုင်ပုန်ကန်တိုက်ခိုက်နေခြင်းသည် တိုင်းရင်းသားများဒေသတွင် ခေတ်နောက်ကျနေခြင်းကြောင့် မကျေနပ်ဖြစ်ကာ တော်လှန်ပုန်ကန်နေ ခြင်းဖြစ်သည်ဟု အစိုးရဘက်မှ ယုံကြည်ထားပေသည်။ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် အပစ်အခတ်ရပ်စဲရေးရယူပြီးနောက်ပိုင်း ၄င်းတို့ဒေသတွင် ဖွံ့ဖြိုးရေးအစီအစဉ်များ ချမှတ်ပေးခြင်း အားဖြင့် တိုင်းရင်းသားများ ကျေနပ်မှုရရှိကာ ၄င်းတို့၏ လက်နက်အား စွန့်လွှတ်နိုင်မည်ဟု ယုံကြည်ထားပေသည်။

    တိုင်းရင်းသားများ မိမိတို့၏ လက်နက်များ စွန့်လွတ်ပြီးလျှင် တိုင်းရင်းသားဒေသအတွင်း ဖွံ့ဖြိုးလာပါက ”ထာဝရငြိမ်းချမ်းရေး” ရ လာနိုင်မည်ဟု ယုံကြည်ထားပေသည်။

    သို့ရာတွင် တိုင်းရင်းသားခေါင်းဆောင်များမှ တောင်းဆိုသည့် စစ် မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးသည် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အခြေခံမထားပဲ ”အဘယ်ကြောင့် ပြည်တွင်းစစ်ဖြစ်ပွားရပါသနည်း” ဆိုသည့် ”ပြဿနာ၏အရင်းအမြစ်” (Root Cause) အပေါ် မူတည်ထားပေသည်။ ပြည်တွင်းငြိမ်းချမ်းရေးသည် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခနှင့် တိုက်ရိုက်ဆက်သွယ်နေကြောင်း တိုင်းရင်းသားခေါင်းဆောင်တို့မှ ထောက် ပြထားပေသည်။

    တိုင်းရင်းသားတို့၏ နိုင်ငံရေးလိုလားချက်အား မိမိတို့၏ အသီးသီး သောလူမျိုးစုများအနေဖြင့် မိမိတို့ဒေသတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အ ရေးကို တောင်းဆိုကာ ”ဖက်ဒရယ်” (သို့မဟုတ်) ”စစ်မှန်သောပြည် ထောင်စု” အသွင်ဖြင့် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား သင့် တော်မျှတသည့် အာဏာခွဲဝေမှုရရှိရန် အထူးပင် လိုလားနေပေသည်။ သို့မှသာ ဗမာလူအများစုကို ကိုယ်စားပြသည့်အစိုးရနှင့် တိုင်းရင်းသား ပြည်နယ်အစိုးရတို့အကြား ပြည့်ဝသောနိုင်ငံရေး သဘောတူညီချက်ကာ စစ်မှန်သောငြိမ်းချမ်းရေးရရှိနိုင်မည်ဖြစ်ပြီး ပြည်တွင်းစစ်သည်လည်း ရပ်တန့်သွားပါလိမ့်မည်။

    ဤအခြေအနေအပေါ် သုံးသပ်ခြင်းအားဖြင့် အစိုးရမှ ထုတ်ဖော် ထားသည့် ထာဝရငြိမ်းချမ်းရေးသည် တိုင်းရင်းသားတို့၏ စစ်မှန်သောငြိမ်း ချမ်းရေးနှင့် အသွင်သဏ္႑ာန်မတူညီပေ။ ထို့ကြောင့် အစိုးရနှင့်တိုင်းရင်းသားတို့၏ အစဉ် မပြတ်ဆွေးနွေးပွဲများလုပ်ဆောင်ကာ ”ထာဝရစစ်မှန်သော ပြည်တွင်းငြိမ်း ချမ်းရေး” အတွက် ရှေ့ဆက်ဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ရပေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts