Saturday, March 14, 2026
More
    spot_img
    Homeသတင်းတားမြစ်ခံထားရသည့် ရန်ကုန်မွန်အမျိုးသားနေ့ ပြန်လည်ကျင်းပခွင့်ရ

    တားမြစ်ခံထားရသည့် ရန်ကုန်မွန်အမျိုးသားနေ့ ပြန်လည်ကျင်းပခွင့်ရ

    -

    မင်းသုတ – ၁၅ နှစ်တာ ပျော်ပွဲရွှင်ပွဲများကျင်းပရန် တားမြစ်ခံခဲ့ထားရသည့် ရန်ကုန်မွန်အမျိုးသားနေ့အခမ်းအနားအား ယခုနှစ်တွင် သက်ဆိုင်ရာမှ ကျင်းပခွင့်ပြုလိုက်ပြီးဖြစ်သည်။

    မွန်အမျိုးသားနေ့ဘိတ်ကြားလွှာ(Photo-IMNA)
    “အကြိမ် ၅၀ ပြည့် ရွှေရတုမွန်အမျိုးသားနေ့ကို ပဒုမ္မာဇာတ်ရုံမှာကျင်းပခဲ့တာ နောက်ဆုံးအကြိမ်ပဲ၊ အဲဒီနောက်အလံတင်အခမ်းအနားတို့ ပျော်ပွဲရွှင်ပွဲကျင်းပတာတွေကို ရန်ကုန်မှာကျင်းပခွင့် မပြုတော့ဘူး” ဟု မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ (ရန်ကုန်) အတွင်းရေးမှူး နိုင်စိုးကြည်က ပြောသည်။

    အဆိုပါကျင်းပခွင့်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွင့်ပြုအမိန့်ထုတ်ပေးသကဲ့သို့ မွန်နှင့် ကရင်ပြည်နယ်အစိုးရတို့ကလည်း ခွင့်ပြုအမိန့်ထုတ်ပေးခဲ့ပြီး ဖြစ်သည်။

“ဒီနှစ်မွန်အမျိုးသားနေ့က အထူးခြားဆုံးပါ၊ အာဏာပိုင်တွေအဆက်ဆက်က ခွင့်ပြုမိန့်ဘယ်တုန်းက ထုတ်မပေးပဲနဲ့ ကျနော်တို့အခက်အခဲအမျိုးမျိုးကြားက ကျင်းပနိုင်အောင်ကြိုးစားခဲ့တာ ဒီအစိုးရလက်ထက်ကျမှ မွန်အမျိုးသားနေ့ကျင်းပခွင့်ကို ပြုပေးတာပဲ” ဟု မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ(ဗဟို) ဆက်ဆံရေးနှင့်ပြန်ကြားရေးတာဝန်ခံ မင်းမင်းနွယ်က ပြောသည်။

မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ (ရန်ကုန်) မှ ကြီးမှူး၍ (၆၅) ကြိမ်မြောက်မွန်အမျိုးသားနေ့ပျော်ပွဲရွှင်ပွဲ အခမ်းအနားကို လာမည့်ဖေဖော်ဝါရီလ ၈ ရက် ညနေ ၅ နာရီတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယာဉ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဟု ယမန်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖေါ်ပြထားသည်။

    “ရိုးရာအစားအသောက်နဲ့ပစ္စည်းအရောင်းဆိုင်တွေ၊ ဖြေဖျော်ရေးကတော့ မွန်ရိုးရာယိမ်းအကတွေ၊ ခေတ်ပေါ်တေးသီချင်းတွေ၊ ရှင်စောပုနန်းတက်တဲ့ တစ်ခန်းရပ်ပြဇာတ်တွေလည်းပါတယ်” ဟု နိုင်စိုးကြည်က ပြောသည်။

    (၆၅) ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ(ရန်ကုန်)တွင် ဥက္ကဌနိုင်ဖေတင်၊ ဒုဥက္ကဌ(၁) နိုင်စောဦး၊ ဒုဥက္ကဌ(၂) မိကွန်းချစ်ချစ်၊ ဒုဥက္ကဌ(၃) မိကျင်သန်း၊ အတွင်းရေးမှူး နိုင်စိုးကြည်နှင့် တွဲဘက်အတွင်းရေးမှူး မင်းရာဇာတို့ဖြစ်ကြသည်။

    ထို့အတူ မော်လမြိုင်မြို့တွင် မွန်ပြည်နယ်ခန်းမဆောင်၌ မွန်အမျိုးသားနေ့အခမ်းအနားကျင်းပမည်ဖြစ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်က မိန့်ခွန်းတက်ရောက်ပြောကြားမည်ဟု သိရသည်။
    အလားတူ မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားကျင်းပမည့် ကရင်ပြည်နယ်၊ ကော့ဘိန်းရွာ ဗဟိုစင်မြင့်တွင်လည်း ကရင်ပြည်နယ်ဝန်ကြီးချုပ်က မိန့်ခွန်းတက်ရောက်ပြောကြားမည်ဟုလည်း မင်းမင်းနွယ်က ပြောသည်။

    မွန်အမျိုးသားနေ့ကျင်းပရေး(ဗဟို)ကို ရန်ကုန်၊ ပဲခူး အပါအဝင် မွန်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အဆင့်ကျင်းပရေးကော်မတီများဖြင့် ဝန်းရံဖွဲ့စည်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks