spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရတို့ ပဏာမသဘောတူလက်မှတ်ထိုး

    မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရတို့ ပဏာမသဘောတူလက်မှတ်ထိုး

    -

    မွန်ပြည်သစ်ပါတီဒုဥက္ကဌ ပဏာမငြိမ်းချမ်းလက်မှတ်ရေးထိုးနေစဉ်(Photo-IMNA)
    ကျလွန်းထော – မွန်ပြည်သစ်ပါတီနှင့် ပြည်ထောင်စုအဆင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ယနေ့ နံနက် ၉ နာရီတွင် မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ Strand Hotel ဟိုတယ်၌ ပြည်နယ်အဆင့် ပဏာမသဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

    “အချက် (၅) ချက်နဲ့ ပဏာမ သဘောတူလက်မှတ်ရေးထိုးခဲ့တယ်၊ မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ရော့စ ဦးဆောင်မှုနဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးအဖွဲ့ ဦးအောင်မင်းတို့နဲ့ ပဏာမ သဘောတူ လက်မှတ်ထိုးခဲ့ပါတယ် ” ဟု ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

    ၄င်းပဏာမ ငြိမ်းချမ်းရေးသဘောတူ လက်မှတ်ရေးထိုးပွဲတွင် မွန်ပြည်သစ်ပါတီမှ ဒုဥက္ကဌ နိုင်ရော့စ ဦးဆောင်ပြီး၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှုးချူပ်လယီကကောင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်တလညီ၊ မော်လမြိုင်ခရိုင်ဥက္ကဌ နိုင်အေးမွန်၊ ထားဝယ်ခရိုင်ဥက္ကဌ နိုင်ဗညားလေး၊ သထုံခရိုင်အတွင်းရေးမှုး နိုင်ဧကနှင့် စစ်ကော်မတီအဖွဲ့ဝင် ဒုဗိုလ်မှုးကြီး ဗညားချမ်းနွန်တို့ ပါဝင်သည်။

    မြန်မာအစိုးရဘက်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့မှ ဝန်ကြီးဦးအောင်မင်းနှင့် အဖွဲ့ဝင်များ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး စက်မှုလက်မှုဖွံ့ဖြိုးရေးကော်မတီ ဥက္ကဌ ဦးစိုးသိမ်း၊ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဦးဇော်မင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်၊ ရတခတိုင်းမှူးတို့နှင့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

    မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ရော့စ က “၁၉၉၅ ခုနှစ် ငြိမ်းချမ်းရေး ယူခဲ့စဉ်က သဘောတူညီချက်ပုံစံပါပဲ၊ ကွာခြားသွားတာက အခုစာချုပ်စာတမ်းနဲ့ ဆိုတော့ အရင်ထက် ပိုပြီးပြည့်စုံသွားတယ်၊ သဘောတူတဲ့အချက်တွေကလည်း ကြိုတင်ညှိုနှိုင်းပြီးမှ လက်မှတ်ထိုးတာ ဖြစ်တယ်”

    မွန်ပြည်နယ်ဝန်ကြီးချုပ် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ဝင်များဖြစ်ကြသော အထင်ကရ မွန်ဆရာတော် ဘဒ္ဒန္တ ကေတုမာလာ၊ ဘဒ္ဒန္တသီလဝန္တ၊ ဆေးတောင်ဆရာတော် (ကိုယ်ရင်လေး) အပြင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ ထိပ်ပိုင်းခေါင်ဆောင်များဖြစ်သည့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် နိုင်တင်အောင်၊ နိုင်သက်လွင်၊ ဒေါက်တာမင်းကြည်ဝင်း၊ နိုင်စိုးမြင့် တို့ ပါဝင်ကြသည်။

    ပြည်နယ်အဆင့် ငြိမ်းချမ်းရေးပဏာမ သဘောတူညီချက်များမှာ (၁) နှစ်ဦးနှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရန်၊ (၂) ပြည်ထောင်စုအဆင့် ငြိမ်ချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ တရားဝင်ဖွဲ့စည်းပေးရန်နှင့် ဆွေးနွေးမည့်နေ့ရက်၊ အချိန်နှင့်နေရာတို့ကို ညှိုနှိုင်းရန်၊ (၃) ဆက်ဆံရေးစခန်းကို နှစ်ဖက်သဘောတူသည့် သင့်တော်ရာနေရာ၌ (လက်နက်မပါ) ထားရှိရန်၊ (၄) သတ်မှတ်နေရာမှအပ အခြားဒေသသို့ လက်နက်ဖြင့် သွားလာခြင်းမပြုရန်၊ (၅) နှစ်ဖက်သဘောတူညီမှု ညှိုနှိုင်းရရှိထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရန် တို့ပါဝင်သည်။

    ယင်းဆွေးနွေးမှုသည် ပဏာမအနေဖြင့် သဘောတူလက်မှတ်ရေးထိုးခြင်းဖြစ်ပြီး ယခုရလာဒ်အဖြေအား မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီသို့ ခွင့်ပြုချက်တင်ပြပြီးမှ လာမည့် ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ တတိယအပတ်တွင် ဆက်လက်အတည်ပြုလက်မှတ်ရေးထိုးမည်ဖြစ်သည်။

    ယခု ဝန်ကြီးဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့ အပစ်ခတ်ရပ်စဲရေး သဘောတူဆွေးနွေးမှုမှာ ဒုတိယအကြိမ် ဆွေးနွေးခြင်းဖြစ်ပြီး၊ ပထမအကြိမ်ကို ထိုင်းနိုင်ငံ စံခလပူရီမြို့၌ ဆွေးနွေးခဲ့ပြီးဖြစ်သည်။

    မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် နဝတ စစ်အစိုးရနှင့် အပစ်ရပ်ခဲ့ပြီး ၂၀၁၀ ခုနှစ်၌ အပစ်ရပ်စဲမှုပျက်ပြယ်ခဲ့ရာမှ ယခုအချိန်တွင် ဒုတိယအကြိမ် အပစ်ခတ်ရပ်စဲရေးအတွက် ပဏာမ သဘောတူဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks