Wednesday, March 11, 2026
More
    spot_img
    Homeသတင်းအပစ်ရပ်ဆွေးနွေးမည့်မွန်ပြည်သစ်ပါတီအဖွဲ့ကို မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကြိုဆို

    အပစ်ရပ်ဆွေးနွေးမည့်မွန်ပြည်သစ်ပါတီအဖွဲ့ကို မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကြိုဆို

    -

    မင်းသုတ– မြန်မာအစိုရနှင့်အပစ်အခတ်ရပ်စဲရေးတွေ့ဆုံဆွေးနွေးရန် မွန်ပြည်သစ်ပါတီကိုယ်စားလှယ်များ ယနေ့မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့သို့ရောက်ရှိလာစဉ် ဒေသခံမွန်စာပေယဉ်ကျေးမှုအဖွဲ့များ နှင့်အတူ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ထိပ်ပိုင်းခေါင်းဆောင်များလည်း ကြိုဆိုခဲ့ကြသည်။

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဥက္ကဌနိုင်ငွေသိမ်းနှင့် မွန်ပြည်သစ်ဒုဥက္ကဌနိုင်ရော့စ ယနေ့တွေ့ဆုံနှုတ်ဆက်ကြစဉ်
    မြန်မာအစိုးရ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးရန် အဖွဲ့ဝင်(၇) ဦးပါ မွန်ပြည်သစ်ပါတီကိုယ်စားလှယ်များ သံဖြူဇရပ်မြို့သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

    “ကျနော်တို့ပါတီဥက္ကဌနဲ့လည်း တွေ့ဆုံပါတယ်၊ ဆွေးနွေးပွဲအောင်မြင်ဖို့ကိုလည်း ဆုတောင်းပါတယ်” ဟု ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    မွန်ပြည်သစ်ပါတီ ဒုဥက္ကဌနိုင်ရော့စ ဦးဆောင်သောအဖွဲ့အား မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဥက္ကဌနိုင်ငွေသိမ်း၊ ဒုဥက္ကဌ(၁) နိုင်သက်လွင်၊ ဒုဥက္ကဌ(၂) နိုင်တင်အောင်၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်း၊ တွဲဖက်အတွင်းရေးမှူး(၁) ဒေါက်တာမင်ကြည်ဝင်းတို့ ကြိုဆိုခဲ့ကြသည်။

    မြန်မာအစိုးရ၏ မွန်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့တွင် အဖျက်သိမ်းခံ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ခေါင်းဆောင်များဖြစ်ကြသည့် နိုင်တင်အောင်၊ နိုင်သက်လွင်၊ ဒေါက်တာမင်းကြည်ဝင်းနှင့် နိုင်စိုးမြင့်တို့ ပါဝင်နေကြသည်။

    “ငြိမ်းချမ်းရေးအောင်မြင်ဖို့အတွက် အားလုံးကဝိုင်းဝန်းအကူအညီပေးကြပါ” ဟု သံဖြူဇရပ်မြို့ခံများနှင့် မိန့်ခွန်းပြောကြားစဉ် မွန်ပြည်သစ်ပါတီဒုဥက္ကဌ နိုင်ရော့စက ပြောသည်။

    မွန်ပြည်သစ်ပါတီကိုယ်စားလှယ်အဖွဲ့တွင် ခေါင်းဆာင်အဖြစ် ဒုဥက္ကဌနိုင်ရော့စ၊ ဒုစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်လယီကောင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နိုင်တလညီ၊ မော်လမြိုင်ခရိုင်ဥက္ကဌနိုင်အေးမွန်၊ ထားဝယ်ခရိုင်ဥက္ကဌ နိုင်ဗညားလေး၊ သထုံခရိုင်အတွင်းရေးမှူးနိုင်ဧက နှင့် စစ်ကော်မတီအဖွဲ့ဝင် ဒုဗိုလ်မှူးကြီးဗညားချမ်းနွန်တို့ ပါဝင်ကြသည်။

    မွန်ပြည်သစ်ပါတီကိုယ်စားလှယ်အဖွဲ့သည် နက်ဖြန်တွင် မော်လမြိုင်မြို့သို့ ဆက်လက်သွားရောက်မည်ဟုသိရပြီး ဖေဖေါ်ဝါရီလ(၁) ရက်နေ့၌ မြန်မာအစိုးရကိုယ်စားလှယ်များနှင့် ဆွေးနွေးကြမည်ဖြစ်သည်။

    မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် နဝတစစ်အစိုးရနှင့်အပစ်ရပ်ခဲ့ပြီး ၂၀၁၀ ခုနှစ်၌ အပစ်ရပ်စဲမှုပျက်ပြယ်ခဲ့သော်လည်း ယနေ့အထိပစ်ခတ်တိုက်ခိုက်မှုများ မရှိသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks