spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းမွန်ကယ်ဆယ်ရေးရန်ပုံငွေအတွက် မလေးရှားတွင် ဖျော်ဖြေပွဲကျင်းပ

    မွန်ကယ်ဆယ်ရေးရန်ပုံငွေအတွက် မလေးရှားတွင် ဖျော်ဖြေပွဲကျင်းပ

    -

    ခတ္တာနွန် – မလေးရှားနိုင်ငံရှိ မွန်ကယ်ဆယ်ရေးရုံးရန်ပုံငွေအတွက်ရည်ရွယ်ပြီး Power Music Band တီးဝိုင်းအဖွဲ့နှင့် နာမည်ကြီး မွန်အဆိုတော်များ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ချင်းဝူ (Chinwoo) တွင် ဂီတဖျော်ဖြေပွဲတစ်ခုကို ယမန်နေ့မှစ၍ နှစ်ရက် ကျင်းပကြသည်။

    ထိုဂီတဖျော်ဖြေပွဲတွင် နာမည်ကြီး မွန်အဆိုတော် ဟောင်းချမ်း၊ စပိုင်းနှင့် စမိုင်းချမ်း (Smile Cham) ဦးဆောင်သည့် Power Music Band မှ အဂ္ဂ၊ သူရိယမာဉ်၊ မင်းသက္က၊ ရူပါ၊ ဒေဝီတို့ ပါဝင်သည်။

    “မွန်ကယ်ဆယ်ရေး ရန်ပုံငွေအတွက် လုပ်တာပါ၊ ဒီရန်ပုံငွေက မလေးရှားရောက် မွန်တွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ နာရေးအတွက်နဲ့ တခြားလိုအပ်တဲ့ နေရာတွေမှာ သုံးဖို့အတွက်ပါ၊ ကျနော်တို့က တရုတ်နှစ်သစ်ကူးနဲ့ တိုက်ပြီးလုပ်ဖို့ စီစဉ်ထားတယ်၊ ဒါပေမယ့် နောက်ကျမှ လုပ်ဖြစ်တယ်၊ ဆိုတော့ မှန်းထားသလောက်တော့ မရဘူးပေါ့၊ အရင်းလောက်ပဲ ရမယ်လို့ ထင်တယ်” ဟု မွန်ကယ်ဆယ်ရေးရုံးမှ အတွင်းရေးမှူး ကိုဥက္ကာမွန်က ပြောသည်။

    အဆိုတော်အဖွဲ့များ မလေးရှားသို့ ရောက်ရှိရန်အတွက် ကျပ်သိန်း ၅၀ ကျော်အကုန်ကျခံထားရသည်။ ဖျော်ဖြေပွဲသို့ ဝင်ကြေးအဖြစ် လူတဦးလျှင် မလေးရှားရင်းဂစ် ၅၀ ပေးရပြီး၊ ပထမနေ့တွင် ပရိသတ် ၈၀၀ ဝန်းကျင်ခန့် လာရောက်အားပေးကြောင်း ကိုဥက္ကာမွန်က ပြောသည်။

    အဆိုတော် စမိုင်းချမ်း က “ပရိသတ် အင်အား အတော်ကောင်းပါတယ်၊ စင်ပေါ်မှာ သီချင်းဆိုရတာလည်း အတော်အားရပါတယ်၊ ပရိသတ်တွေ ရ၀၀ ကျော်ကျော် ၈၀၀ နီးပါးလောက် ရှိမယ်ထင်တယ်”

    ရန်ပုံငွေအတွက် ဖျော်ဖြေရန် ဖိတ်ကြားခံရသည့် Power Music Band သည် မလေးရှားသို့ ပထမဆုံးအကြိမ် ဖျော်ဖြေခွင့်ရသည်။ ထိုအတူ လာမည့် မွန်အမျိုးသားနေ့တွင်လည်း ထိုင်းနိုင်ငံ၌ ဖျော်ဖြေရန်ရှိကြောင်း ၄င်းက ပြောသည်။

    “အခုလို မွန်ပရိသတ်နဲ့ တွေ့ရတာ အရမ်းကိုဝမ်းသာပါတယ်၊ ဒီမလေးရှားနိုင်ငံက အစ်မအတွက် ပထမဆုံးပဲ၊ ပထမတော့ ဒီမှာက ကိုယ်နိုင်ငံမဟုတ်တော့ ပရိသတ် အားပေးမှုရပါမလားလို့ စိတ်ထဲစိုးရိမ်နေမိတယ်၊ ဒါပေမဲ့ စင်ပေါ်လည်းရောက်ရော ပရိသတ်တွေက အရမ်းအားပေးတော့ အတော်လေးကို ဝမ်းသာရတယ်” ဟု အဆိုတော် ဒေဝီက ပြောသည်။

    သူမအတွက် ယခုမလေးရှားခရီးစဉ်သည် ပထမဆုံးအကြိမ်ဖြစ်သော်လည်း ယခင်နှစ်တွင် စင်္ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၌ သွားရောက်ဖျော်ဖြေခဲ့ပြီး ပရိသတ် အားပေးမှု အတော်ရခဲ့ကြောင်း သူမက ဆက်ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks