Homeသတင်းရာမညနိကာယမွန်ပရိယတ္တိစာဖြေပွဲ ရက်သတ်မှတ်

ရာမညနိကာယမွန်ပရိယတ္တိစာဖြေပွဲ ရက်သတ်မှတ်

-

မင်းသုတ – ဗုဒ္ဓဘာသာမွန်သံဃာများ၏ အကြိမ် ၃၀ မြောက် ရာမညနိကာယ မွန်ပရိယတ္တိစာမေးပွဲကြီးကို လာမည့်တပေါင်းလဆန်း ၁ ရက်မှစတင်၍ ၃ ရက်(ဖေဖေါ်ဝါရီလ ၂၂ မှ ၂၄) အထိ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ၊ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီဥက္ကဌ နိုင်ချစ်ငွေက ပြောသည်။

ယခင်နှစ်များတွင်ကျင်းပခဲ့သော မွန်ပရိယတ္တိစာဖြေပွဲ( Photo- imna)
လာမည့်တပို့တွဲလကွယ်နေ့တွင် သံဃာတော်များကြိုတင်ရောက်ရှိမည်ဖြစ်ပြီး တပေါင်းလဆန်း ၄ ရက်နေ့၌ ဆုပေးပွဲနှင့်အတူ ရေစက်ချအလှူပေးပွဲလည်းပြုလုပ်မည်ဖြစ်သောကြောင့် ၅ ရက်တိတိကြာမြင့်မည် ဖြစ်သည်။

နိုင်ချစ်ငွေက “စာဖြေသံဃာတွေရော မယ်သီလရင်တွေပါဆိုရင် ဒီနှစ်ကျတော့ မနှစ်ကထက်အပါးတစ်ရာကျော်ပိုလာမယ်လို့ စာရင်းပေးထားတာရှိတယ်”

ယမန်နှစ် ရာမညနိကာယ မွန်ပရိယတ္တိစာမေးပွဲတွင် သံဃာတော် ၁၆၆၇ ပါးနှင့် သီလရင် ၄၀ ပါးခန့် ဝင်ရောက်ဖြေဆိုခဲ့သည်။

“မနေ့ကသတင်းစာမှာ ကျင်းပမယ့်ရက်လွဲမှားပြီး ကြေညာမိတယ်၊ အဲဒါပြန်လည်ပြင်ဆင်ဖို့ ပြောထားပါတယ်” ဟု ၄င်းက ဆက်ပြောသည်။

ယမန်နေ့ အစိုးရထုတ်မြန်မာ့အလင်းသတင်းစာ၌ ရာမညနိကာယ မွန်ပရိယတ္တိစာမေးပွဲကို လာမည့်ဖေဖေါ်ဝါရီလ ၆ ရက်နေ့မှ ၁၁ ရက်နေ့အထိ ငါးရက်တိုင်တိုင်ကျင်းပမည်ဟု လွဲမှားဖေါ်ပြခဲ့ခြင်း ဖြစ်သည်။

“မွန်သံဃာတော်တွေဟာ ပရိယတ္တိစာပေကို မွန်ဘာသာနဲ့လေ့လာသင်ကြားကြတာများတယ်၊ အစိုးရပထမပြန်စာမေးပွဲကိုလည်း မွန်ဘာသာနဲ့ဖြေဆိုကြသလို မွန်သံဃာတော်အားလုံးကို ကိုယ်စားပြုတဲ့ ရာမညနိကာယစာမေးပွဲကိုလည်း နှစ်စဉ်ဝင်ရောက်ဖြေဆိုကြပါတယ်” ဟု ပရိယတ္တိစာပို့ချနေသူ မွန်အသျှင်ခေမာသာရက မိန့်ကြားသည်။

မွန်ပရိယတ္တိစာမေးပွဲတွင် မူလ၊ ပထမငယ်၊ ပထမလတ်၊ ပထမကြီး၊ ဓမ္မာစရိယတန်းဟူ၍ အဆင့်ငါးဆင့်ခွဲ၍ ဖြေဆိုကြသည်။
ရာမညနိကာယဂိုဏ်းကို သာသနာသက္ကရာဇ် ၂၄၀၆ (၁၈၆၃) ခုနှစ်ခန့်တွင် ရာမညတိုင်း၊ ပဲခူးမြို့ရှိ ကလျာဏီသိမ်တော်၌ သိက္ခာသစ်တင်၍ စတင်ဖွဲ့စည်းခဲ့သည်ဟု မွန်သမိုင်းမှတ်တမ်းများအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts