Tuesday, March 10, 2026
More
    spot_img
    Homeသတင်းဇန်နဝါရီလအတွင်း မွန်ပြည်သစ်ပါတီအပစ်ရပ်နိုင်လိမ့်မည်မဟုတ်

    ဇန်နဝါရီလအတွင်း မွန်ပြည်သစ်ပါတီအပစ်ရပ်နိုင်လိမ့်မည်မဟုတ်

    -

    မင်းသုတ – ဇန်နဝါရီလအတွင်း မြန်မာအစိုးရနှင့် မွန်ပြည်သစ်ပါတီတို့တွေ့ဆုံရန်ရှိသော်လည်း နှစ်ဖက်အပစ်ရပ်စဲရေးသဘောတူလက်မှတ်ထိုးနိုင်လိမ့်မည်ဟု မိမိမယူဆကြောင်း မွန်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် နိုင်တင်အောင်က ပြောသည်။

    မြန်မာအစိုးရကိုယ်စားလှယ် မီရထားဝန်ကြီးဦးအောင်မင်းနှင့် မွန်ပြည်သစ်ပါတီတို့ ပထမအကြိမ်ဆွေးနွေးပွဲ

    ယခုရက်ထုတ် ပြည်တွင်းသတင်းဂျာနယ်အချို့တွင် မွန်ပြည်သစ်ပါတီအပါအဝင် အခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဇန်နဝါရီလတွင် သဘောတူညီမှုရနိုင်မည်ဟူသော ရေးသားချက်မှာ ပိုမိုချဲ့ကားထားသာဖြစ်ကြောင်း ၄င်းကဆိုလိုခြင်းဖြစ်သည်။

    နိုင်တင်အောင်က “ဒီလအတွင်းမှာ မွန်ပြည်သစ်က မော်လမြိုင်မှာသွားရောက်တွေ့ဆုံဆွေးနွေးဖို့ သဘောတူထားပါတယ်၊ ဒါပေမယ့်ဒီတစ်ကြိမ်တွေ့ကြယုံနဲ့ တစ်ခါတည်းအပစ်ရပ်သဘောတူနိုင်မယ်လို့တော့ ကျနော်မထင်မိပါဘူး”ဟု သူကပြောသည်။

    နိုင်တင်အောင်သည် မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင်ဟောင်းဝင်တစ်ဦးဖြစ်ခဲ့ပြီး ၁၉၉၄-၉၅ ခုနှစ်အတွင်း နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီအပစ်ရပ်စဲနိုင်ရန်အတွက် ဆွေးနွေးပွဲလေးကြိမ်တိတိ ပြုလုပ်ခဲ့ရာတွင် ဒု-ခေါင်းဆောင်တဦးအဖြစ်ပါဝင်ခဲ့ကာ ယခုလည်း အစိုးရသစ်နှင့် မွန်ပြည်သစ်ပါတီ တွေ့ဆုံဆွေးနွေးနိုင်ရန် အကျိုးဆောင်နေသူလည်းဖြစ်သည်။

    မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာက “ကျနော်တို့မွန်ပြည်သစ်ပါတီကနေ အပစ်ရပ်လက်မှတ်သွားထိုးတယ်လို့ပြောရင် လုံးဝမှားပါတယ်” ဟု အီးမေးလ်မှတဆင့် ပြောကြားခဲ့သည်။

    ယခုအချိန်သည် မွန်ပြည်သစ်ပါတီ(၈)ကြိမ်မြောက်ညီလာခံ ဆက်လက်ကျင်းပနေဆဲကာလဖြစ်သည့်အတွက် မြန်မာအစိုးရနှင့်တွေ့ဆုံဆွေးနွေးမည့်ကိုယ်စားလှယ်အဖွဲ့ကို လာမည့်ရက်ပိုင်းတွင် ရွေးချယ်လိမ့်မည်ဟုလည်း သိရသည်။

    “ဥပမာ ကျနော်တို့လို တောင်ပိုင်းဒေသမှာရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အပစ်ရပ်ပြီး မြောက်ပိုင်းမှာရှိတဲ့ ကချင် KIO အဖွဲ့ကိုဆက်ပြီးတိုက်ခိုက်နေတာတော့ မဖြစ်သင့်ဘူး၊ တတိုင်းပြည်လုံး တပြိုင်တည်းအပစ်ရပ်နိုင်ရင် အကောင်းဆုံးပဲ” ဟု မြန်မာအစိုးရကိုယ်စားလှယ် မီးရထားဝန်ကြီးဦးအောင်မင်းနှင့် ပထမအကြိမ် တွေ့ဆုံခဲ့စဉ်က နိုင်ဟံသာက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်ဒီဇင်ဘာလတွင် သမ္မတဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ထံ ထိုးစစ်ရပ်ရန်အမိန့်ညွှန်ကြားချက်ထုတ်ပြန်ခဲ့သော်လည်း ကချင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေဆဲ ဖြစ်သည်။

    မြန်မာအစိုးရအဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်အမျိုးသားအစည်းအရုံး KNU စသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာပြည်နယ်တို့တွင် တွေ့ဆုံဆွေးနွေးရန် ယခုလတွင်ရက်ချိန်း သတ်မှတ်ခဲ့ကြပြီးဖြစ်သည်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ဝန်ကြီးဦးအောင်သောင်းဦးဆောင်သည့် ပြည်ထောင်စုအဆင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ ဒုတိယခေါင်းဆောင် မီးရထားဝန်ကြီးဦးအောင်မင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်အချို့နှင့် လိုက်လံတွေ့ဆုံဆွေးနွေးခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks