spot_img
Sunday, January 25, 2026
More
    spot_img
    Homeသတင်းစစ်တပ်မှ သိမ်းဆည်းထားသည့်ခြံမြေများကိစ္စ သက်ဆိုင်ရာသို့တင်ပြမည်

    စစ်တပ်မှ သိမ်းဆည်းထားသည့်ခြံမြေများကိစ္စ သက်ဆိုင်ရာသို့တင်ပြမည်

    -

    ဂျူရီချိုင်း – မွန်ပြည်နယ်၊ ရေးမြို့နယ်တဝိုက်တွင် အစိုးရစစ်တပ်မှ သိမ်းဆည်းထားသည့် ဥယာဉ်ခြံမြေများအတွက် လျော်ကြေး ပြန်လည်ရရှိရန် ခြံပိုင်ရှင် ၅၀ ကျော်က သက်ဆိုင်ရာသို့တိုင်ကြားရန် ပြင်ဆင်နေကြောင်း သိရသည်။

    တပ်မြေအတွက် အသိမ်းခံရသည့် မွန်ပြည်နယ် ရေးမြို့နယ်ရှိ ရာဘာခြံတခြံ (ဓာတ်ပုံ-လွတ်လပ်သောမွန်သတင်းအေဂျင်စီ)
    တပ်မြေအတွက် အသိမ်းခံရသည့် မွန်ပြည်နယ် ရေးမြို့နယ်ရှိ ရာဘာခြံတခြံ (ဓာတ်ပုံ-လွတ်လပ်သောမွန်သတင်းအေဂျင်စီ)

    “လက်ရှိသမ္မတဦးသိန်းစိန်အစိုးရ လက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေ ဒေါ်အောင်ဆန်းစုကြည်တို့ လွှတ်ပေးတာရှိတယ်၊ ဧရာဝတီ မြစ်စုံရေကာတာစီမံကိန်းကိစ္စဆိုလည်း သမ္မတက ရုပ်သိမ်းပေးတာတွေကိုကြားနေရတဲ့အတွက် ဒါဟာ ဒီမိုကရေစီလမ်းစဉ်တွေ အနည်းငယ်ပေါ်လာပြီးလို့ ကျနော်တို့ယူဆတယ်၊ ဒါကြောင့် ဒီသိမ်းဆည်းထားတဲ့ခြံမြေကိစ္စတွေကိုလည်း ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကို အစိုးရကို တင်ပြမယ်” ဟု ရေးမြို့နယ်၊ ကျောင်းရွာမှ ခြံမြေအသိမ်းဆည်းခံထားရသူ နိုင်သိန်းထွန်းက ပြောသည်။

    လွန်ခဲ့သော ၁၉၉၉/၂၀၀၀ ခုနှစ်တွင် ရေးမြို့အခြေစိုက် စကခ ၁၉ လက်အောက်ခံ ခမရ ၅၉၁ နှင့် ခမရ ၅၈၃ တပ်ရင်းဆောက်လုပ်ရန် အဆိုပါကျောင်းရွာမှ ခြံမြေဧကပေါင်း မည်မျှသိမ်းဆည်းခဲ့သည်ကို စာရင်းလိုက်လံကောက်ခံနေဆဲဖြစ်သည်။

    တပ်ရင်းတရင်းအတွက် အနည်းဆုံး ခြံမြေဧက၂၀၀ ခန့် သိမ်းဆည်းထားသည်ဟု ဒေသခံများက ခန့်မှန်းကြသည်။

    ၄င်းဥယာဉ်ခြံမြေများသည် ရာဘာခြံများနှင့် ကွမ်းသီးခြံများဖြစ်ကြောင်း ယခုလက်ရှိ ခြံမြေ တဧကပေါက်စျေးသည် ၁၀ သိန်းခန့်ရှိကြောင်း၊ တချို့ခြံပိုင်ရှင်က ဧကပေါင်း ၅၀ ခန့်ထိ သိမ်းဆည်းခံထားရသည်ဟု နိုင်သိန်းထွန်းက ပြောသည်။

    အလားတူ စစ်အစိုးရနှင့်မွန်ပြည်သစ်ပါတီတို့ အပစ်အခတ်ရပ်စဲခဲ့စဉ် ၂၀၀၀ ပြည့်ကာလတွင် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နယ်ခွဲတွင် ခလရ ၃၁ တပ်ရင်းတည်ဆောက်ရန်အတွက် ရွာသားများ၏ ကွမ်းသီးခြံ၊ ရာဘာခြံများလည်း လျော်ကြေး မပေးပဲ သိမ်းဆည်းခဲ့သည်။

    တဖန် ကျင်းပပြီးစီးခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့တွင် မွန်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၅) မှ ဦးနိုင်ထွန်းအုံက

    “ရေးမြို့အနီးရှိ တူးမြောင်း ကျေးရွာအုပ်စုနယ်မြေ လေယာဉ်ကွင်းပတ်ဝန်းကျင်ရှိ ရာဘာခြံများကို မည့်သည့်အစီအစဉ်ရှိ၍သိမ်းရန်ကြိုးစားနေသည်ကို သိလိုကြောင်းနှင့် မသိမ်းရန်တားမြစ်နိုင်မှု ရှိ မရှိ၊ အလားတူ ရေးမြို့နယ်၊ အစင်ကျေးရွာအုပ်စု နယ်မြေ (၁၈) ဆိပ်ကလေးကျေးရွာတွင် လုံခြုံရေးအတွက်အရေးမကြီးဘဲ သိမ်းဆည်းထားသည့် လယ်မြေ၊ ဥယျာဉ်ခြံမြေများ မလိုအပ်ပါက ပြန်ပေးသင့်ကြောင်းနှင့် အရေးတကြီး သိမ်းဆည်းလိုလျှင် ကာလတန်ဖိုးနှင့် နစ်နာကြေးများကို ပိုင်ရှင်အား ပြန်ပေးရန်ရှိ/မရှိ” ကို မေးမြန်းတင်ပြခဲ့သည်။

    ၄င်းမေးမြန်းချက်ကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က “သိမ်းဆည်းထားသည့် လယ်မြေ၊ ဥယျာဉ်ခြံမြေများအပေါ် သက်ဆိုင်ရာအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး မြေပြင်ကွင်းဆင်း၍ ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ပေးသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း” စက်တင်ဘာလ ၆ ရက်နေ့ထုတ် မြန်မာအစိုးရသတင်းစာများတွင် ဖေါ်ပြခဲ့သည်။

    အထက်ပါလွှတ်တော်သို့တင်ပြချက်တွင် ကျောင်းရွာအနီး တပ်မြေအဖြစ် သိမ်းဆည်းထားခဲ့သည့် ဥယာဉ်ခြံမြေများအကြောင်း မပါရှိခဲ့ပေ။

    ထိုနည်းတူ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင်လည်း ဘိလပ်မြေစက်ရုံတည်ဆောက်နိုင်ရန် ကော့ဒွန်းကျေးရွာနှင့် ကော့ပနောကျေးရွာအနီးရှိ ပျားတောင်တွင် ဒေသခံများ၏ လယ်ယာမြေနှင့် ရာဘာခြံများအား အစိုးရနှင့်နီးစပ်သောကုမ္ပဏီများ သိမ်းဆည်းခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts