Homeသတင်းသွေးဆေးကန်မွန်ဆရာတော် ပျံလွန်တော်မူ

သွေးဆေးကန်မွန်ဆရာတော် ပျံလွန်တော်မူ

-

မင်းသုတ – ရန်ကုန်မြို့၊ ရွှေတိဂုံအရှေ့မြောက်ဖက်မုခ်ရှိ ရာမညဝေပုလ္လတိုက် သွေးဆေးကန်မွန်ပါဠိတက္ကသိုလ်

သွေးဆေးကန်မွန်ဆရာတော် ဘဒ္ဒန္တဝါရ မဟာထေရ်
သွေးဆေးကန်မွန်ဆရာတော် ဘဒ္ဒန္တဝါရ မဟာထေရ်

ပရိယတ္တိစာသင်တိုက်ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝါရ မဟာထေရ် သက်တော်(၉၂)သည် လူကြီးရောဂါဖြင့် နိုဝင်ဘာ-၂၇ ရက်၊ နံနက်(၈)နာရီခန့်တွင် ၄င်း၏ကျောင်းတိုက်၌ ပျံလွန်တော်မူသည်။

“လာမည့်တနင်္ဂနွေနေ့ကျယင် ရန်ကုန်ရေဝေးသုဿာန်မှာ ဆရာတော်ဇျှာပနကိုမီးသဂြိုလ်ပွဲ အခမ်းအနားလုပ်မယ်၊ ရန်ကုန်အနေအထားနဲ့ဆိုတော့ မွန်ကျေးရွာကြီးတွေမှာလို အခမ်းအနားအကြီးအကျယ်ကြီးမလုပ်နို်င်ဘူး” ဟု ဒါယကာတစ်ဦးက ပြောသည်။

ဘဒ္ဒန္တဝါရ မဟာထေရ်သည် စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်တွင် မဟာဂန္ထဝါစကပဏ္ဍိတ၊ ၂၀၀၃ ခုနှစ်တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့များကို ဆက်ကပ်ခြင်းခံယူခဲ့ရသည်။

ဆရာတော်လောင်းလျာသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလှယ်ကျေးရွာနေ ခမည်းတော်နိုင်စိန်ဒါ၊ မယ်တော်မိချိန်တို့မှ ကောဇာသက္ကရာဇ် ၁၂၈၂ ခု၊ သီတင်းကျွတ်လဆန်း(၈) ရက်၊ ဗုဒ္ဓဟူးနေ့တွင်ဖွားမြင်တော်မူပြီး မွေးချင်းလေးယောက်အနက်အထွေးဆုံးဖြစ်၍ ငယ်နာမည်မှာ “မောင်တိုင်”ဖြစ်သည်။

ကောဇာသက္ကရာဇ် ၁၂၉၂ တွင် ကော့ဂိုးရွာ ကျောင်းထိုင်ဆရာတော် သိင်္ဃဉာဏထံမှ ဆရာတော်လောင်းလျာအရှင်ဝါရ ကိုရင်ဝတ်ခဲ့ပြီး အခြေခံပရိယတ္တိစာပေများဖြစ်သည့် ကစ္စည်းသဒ္ဒါကျမ်း၊ အဘိဓမ္မတ္တသင်္ဂဟကျမ်း၊ ရှင်ကျင့်ဝတ်တို့ကို စတင်သင်ကြားခဲ့ရသည်။

ထို့နောက် အရှင်ဝါရ သက်တော် ၂၀ ပြည့်မှီသောအခါ မော်လမြိုင်မြို့နယ်၊ ကတိုးကော့နှပ်ရွာတွင် ရဟန်းအဖြစ်ခံယူခဲ့ပြီး ၁၃၀၉ ခုနှစ်သို့ရောက်သောအခါ မန္တလေးမြို့၊ ရှင်မကန်တိုက်၊ ရွှေလျှောင်းကျောင်းဆရာတော် ဦးသာဂရထံတွင် ပရိယတ္တိစာပေများကို ဆက်လက်သင်ကြားခဲ့သည်။

တဖန် ၁၃၁၂ – ၁၃၁၆ ခုနှစ်ခုနှစ်အထိ သွေးဆေးကန်မွန်ပါဠိတက္ကသိုလ်တွင် ဆရာတော်ဦးဓမ္မဓရနှင့် ဦးဥတ္တမထံတွင်၄င်း၊ သီရိလင်္ကာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင်လည်း နိုင်ချစ်သောင်း ဦးဆောင်သော ရာမညတိုင်းလုံးဆိုင်ရာမွန်အဖွဲ့ချုပ်အစီအစဉ်ဖြင့် ပရိယတ္တိစာပေများ သွားရောက်ဆည်းပူးခဲ့သည်။

၁၃၃၇ ခုနှစ်တွင် သွေးဆေးကန်ကျောင်းထိုင်ဆရာတော်အသျှင်ကုမာရ ဘဝနတ်ထံပျံလွန်တော်မူပြီးသည့်နောက် ဦးစီးပဓာနနာယကချုပ် ကျောင်းထိုင်ဆရာတော်အဖြစ် ဘဒ္ဒန္တဝါရ မဟာထေရ် ဆက်လက်တာဝန်ယူခဲ့ခြင်း ဖြစ်သည်။
လက်ရှိသွေးဆေးကန် မွန်ပါဠိတက္ကသိုလ်၌ ရဟန်းသာမဏေ (၇၀) ပါးခန့် မွန်ပရိယတ္တိစာပေများသင်ကြားလျှက်ရှိကြောင်း ဆရာတော်၏ထေရုပ္ပတ္တိအကြောင်း ရေးသားဖေါ်ပြချက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts