spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းထိုင်းရေဘေးသင့်ရွှေ့ပြောင်းအလုပ်သမားများ ယားယံဝေဒနာများခံစားနေရ

    ထိုင်းရေဘေးသင့်ရွှေ့ပြောင်းအလုပ်သမားများ ယားယံဝေဒနာများခံစားနေရ

    -

    ကျလွန်းထော – ထိုင်းနိုင်ငံတွင် လနှင့်ချီပြီး ရေလွှမ်းမိုးခံထားရခြင်းကြောင့် ရေညစ်ညမ်းမှုရှိကာ ရေဘေးခံနေရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအကြား ယားယံသည့်ဝေဒနာ ခံစားနေရကြောင်း သိရသည်။

    ထိုင်းရေဘေးသင့်ဒေသတွင် လှေဖြင့်စျေးရောင်းနေကြပုံ(Photo- IMNA)
    ထိုင်းရေဘေးသင့်ဒေသတွင် လှေဖြင့်စျေးရောင်းနေကြပုံ(Photo- IMNA)

    ရေလွှမ်းမိုးမှု အကြီးအကျယ်ခံထားရသည့် ဘန်ကောက်မြို့နားတဝိုက်ရှိ ပထုံဌာနီ၊ နွံထပူရီ၊ ချွန်ပူရီနှင့် အယုဒ္ဓယဒေသများရှိ စက်ရုံများတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အများဆုံးအလုပ်လုပ်နေကြသည့် ဒေသများဖြစ်သည်။

    “ရေက မသန့်တော့ဘူးလေ၊ ရေထဲဆင်းသွားရင် ယားတယ် ကျနော်တို့တောင် ယားနေတယ်၊ ဆိုးဆိုးရွားရွား ဖြစ်တာတော့ မကြားမိသေးဘူး၊ ထိုင်းကျန်းမာရေးအဖွဲ့တွေကတော့ လိမ်းဆေးတွေ လိုက်ဝေငှပေးနေတယ်” ဟု ဘန်ကောက်မြို့ရှိ ရေဘေးသင့်သူများကို အကူအညီပေးနေသူတဦးက ပြောသည်။

    ထိုင်းကျန်းမာရေးအဖွဲ့များက လိမ်းဆေးများ လိုက်လံဝေငှပေးထားကာ ယားယံမှုနှင့် ပတ်သက်ပြီး ရေဘေးသင့်သူများနှင့် စေတနာ့ဝန်ထမ်းများ ဝဲနာရောဂါများမခံစားရစေရန် လိုက်နာရမည့်အချက်များကိုလည်း စာဖြန့်ဝေထားသည်။

    ထိုင်းဘာသာဖြင့် (၁) ရေထဲမဆင်းမီ-ခြေ၊ လက်များ ခြောက်အောင်ပြုလုပ်ပြီး ဆေးလိမ်းရန်၊ (၂) ယားယံသည့် ဝေဒနာဖြစ်လာလျှင် ယားယံသည့်နေရာကို ခြောက်အောင်ပြုလုပ်ပြီး ဆေးကိုတနေ့သုံးကြိမ် လိမ်းရန်နှင့် ယားယံသည့်နေရာတွင် အဖုအပိတ်၊ အနီကွက်များဖြစ်ပေါ်လာလျှင် နီးစပ်ရာဆေးရုံသို့ အမြန်သွားရောက်ပြသရန်ပါရှိပြီး မြန်မာဘာသာပြန်ဆိုပြီး မြန်မာအလုပ်သမားများကြားတွင် ဖြန့်ဝေထားသည်။

    ဘန်ကောက်မြို့အနီးတဝိုက်ရှိ ရေဘေးသင့်နေသည့်ဒေသများတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား သိန်းနှင့်ချီပြီး ရှိနေကြောင်း အထက်ပါ ရေဘေးကူညီသူက ခန့်မှန်းထားသည်။

    ညစ်ညမ်းနေသည့်ရေများကြောင့် ဝဲနာရောဂါလိုမျိုးဖြစ်ပွားလာကာ ယားယံသည့်ဝေဒနာခံစားနေရသည်ဟုလည်း နွံထပူရီခရိုင်တွင် အလုပ်လုပ်နေသည့် မွန်ရွေ့ပြောင်းအလုပ်သမား နိုင်ကောင်းမွန်က ပြောသည်။

    ၄င်းက “ကျနော့်ခြေထောက်ကယားပြီးတော့ ရေကြည်ဖုလို ဖြစ်နေတယ်၊ တချို့ဆိုရင် အနာကြောင့် ကိုယ်အပူချိန်တက်တာလဲရှိတယ်” ဟု ပြောသည်။ ထိုင်းကျန်းမာရေးဌာနတို့ကလည်း ခရိုင်အသီးသီးရှိ ရေဘေးဒုက္ခသည်စခန်းများတွင် ဆေးဝါးများ ဝေငှပေးနေသည်။

    ပထုံဌာနီခရိုင်တွင် နေထိုင်နေသည့် ထိုင်းနိုင်ငံဖွားမွန်အမျိုးသား နိုင်မွန်အေး ဝံစီရာမာန်က ရေမြုပ်နေသည့် ပထုံဌာနီဒေသတွင်လည်း ယားယံပြီး အနီရောင် ရေကြည်ဖုတွေဖြစ်နေကြကြောင်းနှင့် အပြင်ထွက်လျှင်လည်း ခြေတံရှည်ဖိနပ် ဝတ်ထားရကြောင်း ပြောသည်။

    ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသည့် တရားဝင်နှင့် တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း နှစ်သန်းခန့် ရှိသည်ဟု အလုပ်သမားကူညီရေးအဖွဲ့များက ခန့်မှန်းထားကြသည်။

    နှစ်လကျော်ကြာ မိုးဆက်တိုက်ရွာပြီး ဆည်ရေဖောက်ချကာ ထိုင်းနိုင်ငံရှိ ခရိုင် ၇၆ ခုအနက် ခရိုင် ၆၁ ခု ရေမြုပ်ကာ သောင်းနှင့် ချီသည့် စက်ရုံများလည်း ပိတ်ထားရသည်။

    ထိုင်းနိုင်ငံတွင် နှစ်ပေါင်း (၅၀) အတွင်း အဆိုး၀ါးဆုံး ရေကြီးမှု ဖြစ်ပွားခြင်းကြောင့် လူ (၅၀၀) ကျော် သေဆုံးမှုရှိနေသည်။

    ရေကြီးမှုအခြေအနေကြောင့် ပိတ်ထားရသည့် မူလတန်းနှင့် အလယ်တန်းကျောင်းများကိုလည်း ဒီဇင်ဘာ ၁ ရက်နေ့အထိ ဆက်ပိတ်ထားမည်ဖြစ်ကြောင်း အခြေခံပညာရေးကော်မရှင်ရုံးမှ ကြေညာချက်ထုတ်ပြန်ထားသည်။

    ရေကျသွားသည့် မြောက်ပိုင်းဒေသ အချို့သောနေရာများတွင် ပြန်လည်ပြုပြင်မှုများကို ပထမအဆင့် နိုင်ငံခြားမှ မှာယူတင်သွင်းထားသည့် ရေစုပ်စက် ၁၄၀ ဖြင့် အယုဒ္ဓယနှင့် ပထုံဌာနီရှိ အဓိကကျသော စက်ရုံများတွင် စုတ်ထုတ်မည်ဖြစ်ပြီး ဒုတိယအဆင့် ထိုင်းနိုင်ငံ၏ ရေစီမံခန့်ခွဲမှုစနစ်ကို လုံးဝပြောင်းလဲရန် စသည့်အဆင့် ၂ ဆင့်ခွဲကာ ပြုလုပ်သွားမည်ဟု ဝန်ကြီးချုပ်ယင်းလတ်က ပြောကြားထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks