spot_img
Sunday, October 12, 2025
More
    spot_img
    Homeသတင်းတစ်နှစ်အတွင်း တိုးတက်မှု အနည်းအကျဉ်းသာရှိသေးကြောင်း မွန်နိုင်ငံရေးခေါင်းဆောင်များပြော

    တစ်နှစ်အတွင်း တိုးတက်မှု အနည်းအကျဉ်းသာရှိသေးကြောင်း မွန်နိုင်ငံရေးခေါင်းဆောင်များပြော

    -

    ကျလွန်းထော – ရွေးကောက်ပွဲကျင်းပခဲ့ပြီးတစ်နှစ်တာကာလအတွင်း ပြည်တွင်း၌ တိုးတက်ပြောင်းလဲမှုအရိပ်အယောင်များ တွေ့မြင်နေရသော်လည်း အနည်းအကျဉ်းသာရှိနေသေးကြောင်းမွန်နိုင်ငံရေးခေါင်းဆောင်များက ပြောသည်။

    မြန်မာနိုင်ငံအတွင်း ရွေးကောက်ပွဲပြုလုပ်ခဲ့သည်မှာ ယနေ့တွင် တစ်နှစ်တင်းတင်းပြည့်ခဲ့သော်လည်း နိုင်ငံအတွင်း တိုးတက်မှုများ ထင်သာမြင်သာသည့်အခြေအနေမတွေ့မြင်ရသေးကြောင်း မွန်အမျိုသားဒီမိုကရေစီအဖွဲ ့(MNDF) ဒုဥက္ကဌ နိုင်ငွေသိမ်းက ပြောသည်။

    “ဘာမှ တိုးတက်မှုမရှိဘူး၊ ဘာလို့လဲဆိုတော့ လွှတ်တော်မှာ ဥပဒေကြမ်းကို ကြံ့ဖွတ်အဖွဲ့ကပဲ တင်သွင်းလို့ရနေတယ်၊ ကျန်တဲ့ပါတီတွေက မေးခွန်းမေးယုံပဲရှိတယ်၊ဒီကိစ္စလုပ်လို့ရမလား၊ မရဘူးလား ဒါပဲမေးခွင့်ရှိတယ်၊ ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးမယ် ဆိုတာအပစ်အခတ်ရပ်စဲရေးပဲရှိတယ်၊ဒါပေမယ့် နိုင်ငံရေးလုပ်လို့မရဘူး၊ အဲဒီအပစ်ရပ်အဖွဲ့အစည်းတွေ သူတို့ရဲ့ စားဝတ်နေရေးကိစ္စ ပြဿနာဖြစ်လာမယ်၊ ဒါ့ကြောင့် အခု ငြိမ်းချမ်းရေးလုပ်တာက အရင်ကထက် ဆုတ်ယုတ်တယ်၊ ဒါ့ကြောင့် နိုင်ငံအတွင်း တိုးတက်မှုမရှိဘူးလို့ မြင်တယ်” ဟု နိုင်ငွေသိမ်းက ပြောသည်။

    သမ္မတဦးသိန်းစိန် အစိုးရသစ်တက်လာပြီးနောက် နိုင်ငံရေးအကျဉ်းသား (၂၀၀) ကျော်လွှတ်ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အကြိမ်ကြိမ်တွေ့ဆုံပြီးတိုင်းရင်းသားအရေးဆွေးနွေးခြင်း၊ မီဒီယာများလွတ်လပ်မှု ပိုမိုရရှိလာသည့်အပေါ် တစ်နှစ်တာကာလအတွင်း နိုင်ငံရေးတိုးတက်မှုများ အရှိန်အနည်းငယ် တိုးတက်လာသည်ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း နိုင်တင်အောင်က ပြောသည်။

    “မရတာထက်စာရင် အနည်းအကျဉ်းလေးရတာလည်း ကောင်းပါတယ်၊ ဒါပေမယ့် ကချင်ပြည်နယ်ဘက်က တိုင်းရင်းသားတွေကို အခုချိန်အထိ ထိုးစစ်ဆင်နေတာကိုတော့အစိုးရသစ်အနေနဲ့ ပြုပြင်ပြောင်းလဲသင့်တယ်၊ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ပြန်လွှတ်ပေးသင့်တယ်၊ ဒါမှပဲ တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံရေးလမ်းကြောင်းကိုဦးတည်တယ်လို့ ပြောလို့ရတာပေါ့၊ ကျနော်တို့ နိုင်ငံရေးသမားတွေအနေနဲ့လည်း စောင့်ကြည့်နေဦးမှာပဲ” ဟု နိုင်တင်အောင်က ပြောသည်။

    အဓိကအရေးကြီးဆုံးဖြစ်သည့် တရုတ်နိုင်ငံနှင့် သဘောတူစာချုပ် ချုပ်ဆိုထားသည့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း လုပ်ဆောင်မှုကို ဆိုင်းငံ့လိုက်သည်မှာ ကြီးမားသည့်ပြောင်းလဲမှုတစ်ခုဖြစ်ကြောင်းနှင့် ဒီမိုကရေစီနည်းကျကျ သွားနေသည့်အချိန်တွင် ဥပဒေချိုးဖောက်မှုများ ဖြစ်လာမည်ကို စိုးရိမ်နေရသည့်အတွက် ပြောင်းလဲမှုလမ်းစဉ်သို့တဖြည်းဖြည်း ဦးတည်သွားနေခြင်း ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗိုလ်မှုးကြီးဟောင်း နိုင်ကောင်းရော့က ပြောသည်။

    “အရှိန်ပြင်းပြင်းနဲ့ တိုးတက်နေတာတော့ မဟုတ်ဘူး၊ တဖြည်းဖြည်းနဲ့ တိုးတက်လာနေတာ တွေ့နေရတယ်၊ ပြီးတော့ ၂၁ ရာစု ပင်လုံလည်း အကောင်အထည်ဖော်ဖို့ ရှိတယ်ဆိုတော့တိုင်းရင်းသားတွေအတွက် မျှော်လင့်ချက်တွေ ရှိနေသေးတယ်လို့ မြင်ပါတယ်” ဟု နိုင်ကောင်းရော့က ပြောသည်။

    ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲမှာ ယနေ့ နိုဝင်ဘာ ၇ ရက်နေ့ ၂၀၁၁ ခုနှစ်တွင် တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,400SubscribersSubscribe
    spot_img

    Latest posts