spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းထားဝယ်-ကန်ချနပူရီ ကားလမ်းတွင် မြန်မာအစိုးရတပ်ပိုမိုတိုးချဲ့လာ

    ထားဝယ်-ကန်ချနပူရီ ကားလမ်းတွင် မြန်မာအစိုးရတပ်ပိုမိုတိုးချဲ့လာ

    -

    ရိုင်မရော့ – ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းရှိိ ထားဝယ်-ကန်ချနပူရီ အဝေးပြေးကားလမ်းမတလျှောက်၌ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အစိုးရတပ်ရင်း ၆ ရင်း ပိုမိုတိုးချဲ့လာသည်။

    ထားဝယ်-ကန်ချနပူရီ လမ်းဖောက်လုပ်ရေးစီမံကိန်း (ဓာတ်ပုံ - daweiproject.blogspot.com)
    ထားဝယ်-ကန်ချနပူရီ လမ်းဖောက်လုပ်ရေးစီမံကိန်း (ဓာတ်ပုံ - daweiproject.blogspot.com)

    ယခုလ (အောက်တိုဘာ) ဒုတိယအပတ်ခန့်က ရောက်ရှိလာသည့် အစိုးရတပ်များနှင့် မူလရှိနေသည့် တပ်ရင်း စုစုပေါင်း ၉ ရင်းတို့က ကားလမ်းဖောက်လုပ်ရေး စီမံကိန်းတွင် လှုပ်ရှားနေကြကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၄) မြိတ်- ထားဝယ်ခရိုင် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

    “အစိုးရတပ်တွေ ထပ်တိုးချဲ့လာတယ်၊ အဲဒီတပ်တွေ ရောက်လာပြီးနောက်ပိုင်းမှာ ဒေသခံတွေကြောက်လန့်စိုးရိမ်လို့ နယ်စပ်ဘက် ထွက်ပြေးလာတာရှိတယ်” ဟု ၄င်း တာဝန်ခံက ပြောသည်။

    ထားဝယ်-ကန်ချနပူရီ ကားလမ်း ဆောက်လုပ်ရေး လုပ်ငန်းများကို KNU မှ တားမြစ်ထားပြီးနောက်ပိုင်း ယခုကဲ့သို့ အစိုးရတပ်များ ပိုမိုတိုးချဲ့လာခြင်းဖြစ်သည်။

    ဇူလိုင်လကုန်ပိုင်းခန့်က အစိုးရတပ်နှင့် KNU တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်းများ လမ်းဖောက်လုပ်ရေး လုပ်ငန်းတလျှောက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက်မလုပ်ဆောင်ရန် ပြီးခဲ့သည့်စက်တင်ဘာလတွင် KNU ဘက်မှ တားမြစ်ခဲ့သည်။

    သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက “တပ်တွေ တိုးချဲ့လာတာကတော့ စီမံကိန်း လုံခြုံရေးအတွက်နဲ့ အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ KNU တပ်မဟာ (၄) ကို အင်အားသုံးပြီးတော့ တိုက်ခိုက်သွားဖို့ ဖြစ်နိုင်တယ်”။
    အစိုးရတပ်များ ထပ်မံ ရောက်ရှိလာပြီးနောက်ပိုင်း မေတ္တာမြို့နယ်ခွဲ အတွင်းရှိ အမိုးကျေးရွာ၊ ဝါးတောကျေးရွာနှင့် ဆင်ဖြူတိုင်ကျေးရွာများမှ ဒေသခံများ နယ်စပ်ဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားကြပြီး ထိုကျေးရွာများကို အစိုးတပ်မှ မီးရှို့ ဖျက်စီးခဲ့ကြောင်းလည်း ၄င်းက ပြောသည်။

    KNU အနေနှင့် ထားဝယ်-ကန်ချနပူရီ လမ်းစီမံကိန်းသည် သဘာဝ ပတ်ဝန်းကျင်ထိခိုက်စေခြင်း၊ ဒေသခံများ ပြောင်းရွှေ့ရခြင်းနှင့် KNU လုံခြုံရေးများကြောင့် ၄င်းစီမံကိန်းကို တားမြစ်ရသည်ဟု KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောခဲ့ဖူးသည်။

    ထားဝယ်-ကန်ချနပူရီ ကားလမ်း ဖြတ်သန်းရာ နယ်မြေသည် KNU ထိန်းချုပ်လှုပ်ရှားနေသည့် နယ်မြေဖြစ်ပြီး ကျေးရွာ စုစုပေါင်း ၂၁ ရွာရှိသည့်အနက် ကျေးရွာ ၈ ရွာမှာ ကေအဲန်ယူနှင့် အစိုးရတပ်တို့ တိုက်ပွဲများကြောင့် ၁၉၉၇ နောက်ပိုင်းတွင် ဒုက္ခသည်များအဖြစ် ထိုင်းနိုင်ငံသို့ ပြောင်းရွေ့နေထိုင်ကြသည်။

    ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် Italian-Thai Development က ထိုင်းဘတ်ငွေ ဘီလျံ (၄၀၀) ကျော် ရင်းနှီးမြုပ်နှံသွားမည်ဖြစ်သည်။

    ထား၀ယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်းတွင် သင်္ဘောတည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် အဆောက်အအုံများ တည်ဆောက်ခြင်း၊ စက်မှုဇုန် နယ်မြေများ တည်ဆောက်ခြင်း၊ ရေနံဓာတုဆိုင်ရာ စက်မှုလုပ်ငန်းများ ထူထောင်ခြင်း၊ ရေနံချက်စက်ရုံ တည်ဆောက်ခြင်း၊ သံမဏိစက်ရုံ တည်ဆောက်ခြင်း၊ လျှပ်စစ်စက်ရုံ များတည်ဆောက်ခြင်း၊ ထား၀ယ်-ဘန်ကောက် ကားလမ်းနှင့် ရထားလမ်းဖောက်လုပ်ခြင်းနှင့် ကားလမ်းနှင့် ရထားလမ်းတစ်လျှောက် ရေနံ ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ပါ၀င်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts