spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းပြန်ပေးဆွဲခံလမ်းပြုပြင်ဝန်ထမ်းများအတွက် တစ်ယောက်လျှင်ငွေ ၁၀ သိန်းတောင်းခံထား

    ပြန်ပေးဆွဲခံလမ်းပြုပြင်ဝန်ထမ်းများအတွက် တစ်ယောက်လျှင်ငွေ ၁၀ သိန်းတောင်းခံထား

    -

    မင်းသုတ – ပြီးခဲ့သည့်အောက်တိုဘာ (၂၁) ရက်နေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကမာဝက်ရွာအနီး လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ပြန်ပေးဆွဲခံခဲ့ရသည့်

    ပုဂ္ဂလိကဆောက်လုပ်ရေးကုမ္ပဏီဝန်ထမ်းများအား တစ်ယောက်လျှင်ငွေ ၁၀ သိန်းဖြင့်ရွေးယူရန် အကြောင်းကြားထားကြောင်း ကာယကံရှင်များနှင့် နီးစပ်သူများထံမှ သိရသည်။

    “လေးယောက်ဖမ်းသွားတဲ့အထဲက တယောက်ကိုပြန်လွှတ်လာပြီး တစ်ယောက်ကို ငွေဆယ်သိန်းပေးရမယ်လို့ အဲဒီလူကတဆင့်အကြောင်းကြားလာတယ်၊ ကျန်သုံးယောက်ကိုတော့ တောထဲမှာဖမ်းချုပ်ထားတုန်း” ဟု အမည်ဖေါ်ပြခွင့်မပြုသော အထက်ပါနီးစပ်သူက ဆက်ပြောသည်။

    မုဒုံမြို့နယ်ရှိ လမ်းပြုပြင်ထိန်းသိမ်းရေးစခန်းတစ်နေရာ
    မုဒုံမြို့နယ်ရှိ လမ်းပြုပြင်ထိန်းသိမ်းရေးစခန်းတစ်နေရာ

    မွန်ပြည်နယ်တောင်ပိုင်း မော်လမြိုင်-ရေး-မလွှဲတောင် မော်တော်ကားလမ်းကိုကံထရိုက်ရယူထားသော အေးကိုမိသားစု ဆောက်လုပ်ရေးကုမ္မဏီလီမိတက် လမ်းပြုပြင်ရေးအလုပ်စခန်းတစ်ခုအား နံနက်စောစော လင်းအားကြီးအချိန် (နံနက်-၅ နာရီဝန်းကျင်) ခန့်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဝန်ထမ်း (၄) ဦးတို့အား ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

    ယင်းဆောက်လုပ်ရေးကုမ္မဏီအလုပ်စခန်းတစ်ခုကို ၄င်းလက်နက်ကိုင်အဖွဲ့မှ ဝင်ရောက်ခဲ့စဉ် ရုံးအဆောက်အဦးနှင့် မော်တော်ကားများကိုပါ မီးတင်ရှိုခဲ့ပြီး သေနတ်များလည်းပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

    ၄င်းပြန်လည်လွတ်မြောက်လာသူအား ကမာဝက်ရဲစခန်းမှ လိုအပ်သောစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟုသိရပြီး ယခုအခါမည်သည့်နေရာသို့ရောက်ရှိနေသည်ကို မသိရှိရပေ။

    “ကမာဝက်ရွာဘုရားပွဲတော်မတိုင်ခင်က လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကနေ အနီးအနားရွာတွေမှာငွေလိုက်တောင်းနေတာရှိခဲ့တယ်၊ အချို့ခြံသမားတွေ ငွေပေးခဲ့ရတယ်” ဟု ကမာဝက်ရွာမှ ရာဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။

    ပြီးခဲ့သည့်အောက်တိုဘာ (၁၈-၂၀) ကမာဝက်ရွာ ဘုရားပွဲတော်ကျင်းပသည့်နေ့ရက်များ ဖြစ်သည်။
    အလားတူ အေးကိုဆောက်လုပ်ရေးကုမ္ပဏီအလုပ်သမားဝန်ထမ်းတစ်ဦးအား လွန်ခဲ့သည့်ဇူလိုင်လ ၁၁ ရက်နေ့တွင် ဟပွေးသန်းလွင် ဦးစီးသည့် မွန်၊ ကရင်လက်နက်ကိုင် ပူးပေါင်းအဖွဲ့တစ်ဖွဲ့မှ ပြန်ပေးဆွဲခဲ့ကာ ငွေကျပ်သိန်း ၁၅၀ တောင်းဆိုခဲ့ကြောင်း ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

    မော်လမြိုင် – ရေး-မလွှဲတောင်အပိုင်း လမ်းမိုင်အရှည် ( ၁၁၂) မိုင် (၆) ဖာလုံကို အေးကိုမိသားစု ဆောက်လုပ်ရေးကုမ္မဏီလီမိတက်သို့ ၁၆-၃-၂၀၁၁ ရက်နေ့မှစတင်၍ ဘီအိုတီစနစ်ဖြင့် လမ်းတံတားများ ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တည်ဆောက်နိုင်ရန် လုပ်ငန်းဆောင်ရွက်ခွင့်ပြုခဲ့သည်။

    ၄င်းကုမ္ပဏီသည် ပြီးခဲ့သည့်မိုးရာသီကာလအတွင်း၌ ဒေသရှိလမ်းများကိုပြုပြင်ခြင်းရပ်နားခဲ့သဖြင့် မော်တော်ကားများသွားလာမှုခက်ခဲ့နေကြောင်း၊ လမ်းအသုံးပြုခများကိုသာ နေစဉ်မပြတ်ကောက်ခံခြင်းကိုသာ ပြုလုပ်နေကြောင်း ခရီးသည်များထံမှသိရသည်။

    ယခုကဲ့သို့ မွန်ပြည်နယ်အချို့ဒေသများ၌ လက်နက်ကိုင်အဖွဲ့များမှ ဆက်ကြေးတောင်းခံခြင်းနှင့် ပြန်ပေးဆွဲခြင်းများသည် ၂၀၁၀ ခုနှစ်အတွင်း စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားပြီးနောက်ပိုင်းတွင် ပိုမိုိုဖြစ်ပေါ်လာသည်ဟု လေ့လာသူများသုံးသပ်ကြသည်။

    ယနေ့ဖြစ်ပေါ်ခဲ့သောအထက်ပါဖြစ်ရပ်ကို ဒေသရှိ မွန်ပြည်သစ်ပါတီ၊ မော်လမြိုင်ခရိုင်ဌာနချုပ်မှ စုံစမ်းနေဆဲဖြစ်ကြောင်း မွန်ပြည်သစ်ပါတီအရာရှိတစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks