Saturday, April 4, 2026
More
    spot_img
    Homeသတင်းရေဘေးသင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အကူညီလိုအပ်

    ရေဘေးသင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အကူညီလိုအပ်

    -

    ရိုင်မရော့ – ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးရှိ ပထုံဌာနီဒေသတွင် ရေဘေးဒုက္ခ ကြုံနေရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ထောင်ချီ အရေးပေါ် အကူအညီ လိုအပ်နေသည်။

    ရေဘေးသင့်မြန်မာအလုပ်သမားများအား အကူအညီပေးနေသူများ
    ရေဘေးသင့်မြန်မာအလုပ်သမားများအား အကူအညီပေးနေသူများ

    ပထုံဌာနီဒေသရှိ စက်ရုံများတွင် အလုပ်လုပ်နေကြသည့် ရခိုင်၊ မွန်၊ ကရင်၊ ထားဝယ်အစရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသာမက လာအို၊ ကမ္ဘောဒီးယားအလုပ်သမားများ စားဝတ်နေရေးနှင့် သွားလာရေး အကူအညီများ လိုအပ်နေကြောင်း ရေဘေးသင့်ဒေသမှာ ရောက်ရှိနေသည့် ဦးဇင်းတပါးက မိန့်ကြားသည်။

    “ဦးဇင်းတို့ မေးကြည့်ရသလောက် သူတို့ကို ဘယ်သူကမှ လာအကူအညီပေးတာမရှိသေးဘူး၊ စက်ရုံ တာဝန်ရှိသူတွေက နေရာထိုင်ခင်း စီစဉ်ပေးတာလောက်ပဲ လုပ်ထားပေးတယ်၊ အခုလောလောဆယ် ရေဘေးသင့်သူတွေက သူတို့ဟာ သူတို့ ကြံဖန်ပြီတော့ စားသောက်နေရတယ်” ဟု ဦးဇင်းက မိန့်သည်။

    ၄င်းက ထိုင်းရေဘေးကူညီပေးနေသူများကလည်း အကူအညီပေးရာတွင် ထိုင်းမှတ်ပုံတင် ထိုင်းအိမ်ထောင်စုစာရင်းနှင့်သာ ကူညီပေးနေသည့်အတွက် ရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းမှ အကူအညီရရန် အခက်ခဲရှိနေသည်။

    ရေမြုပ်ပြီ သုံးပတ်ကြာ ပိတ်ထားရသည့် စက်ရုံများတွင် အလုပ်လုပ်နေကြသည့် ရေဘေးသင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခကို နေ့တဝက်စာ ပေးနေကြောင်း ရေဘေးသင့်နေသူများက ပြောသည်။

    “စက်ရုံက ပြောတာတော့ လုပ်အားခကို နေ့တဝက်စာပေးမယ်လို့ ပြောထားတာပဲ ဒါပေမယ့် ဘယ်လိုလာမလဲတော့ မသိသေးဘူး၊ အခု ကျနော်တို့ ရေကအစ ကိုယ့်ဟာကိုယ် ဝယ်သောက်ရတယ်၊ ဘယ်သူကမှ ကူညီတာမရှိသေးဘူး” ဟု ကိုတင်အောင်ထွန်းက ပြောသည်။

    ထောင်ချီရှိနေသည့် ရေဘေး ရွှေ့ပြောင်းအလုပ်သမားများ စားဝတ်နေရေးအပြင် သွားလာရေး ဆက်သွယ်ရေးအခက်အခဲလည်း ကြုံနေရသည်ဟု သူက ပြောသည်။

    ကိုတင်အောင်ထွန်းက “ရေက ခါးအထက်ပိုင်းထိရှိနေတယ်၊ သွားလာဖို့က လှေနဲ့ သွားနေရတယ် တယောက်ကို ဘတ် ၄၀ ပေးပြီ အစားအသောက်ရဖို့ သွားနေရတယ်၊ ရေကတော့ ကြီးနေဆဲပဲ”။
    ထိုဒေသအတွင်းရှိ စက်ရုံတွင် အလုပ်လုပ်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများ တရက်လျှင် လုပ်အားခ ၂၁၅ ဘတ် ရရှိနေကြသည်။

    ပထုံဌာနီဒေသရှိ မွန်ရွှေ့ပြောင်းအလုပ်သမားတဦးကလည်း “တချို့လူတွေက ရေမရောက်တဲ့ဒေသမှာရှိတဲ့ သူတို့အမျိုးတွေဆီ ပြောင်းသွားကြတာလဲရှိတယ်လေ ဘာလို့လဲဆိုတော့ ဒီမှာက အလုပ်လည်းမရှိဘူး၊ စက်ရုံက ပိတ်ထားတာ ၁၀ ရက်ကျော်နေပြီ ကူညီပေးတဲ့လူတွေလည်း မရှိဘူး ကိုယ့်ဟာကိုယ် ရုန်းကန်နေရတယ်လေ အခက်အခဲကတော့ ပြောမနေပါနဲ့တော့” ဟု ပြောသည်။

    ထိုင်းနိုင်ငံတွင် ရေကြီးမှုကြောင့် သေဆုံးသူ ၃၀၀ ခန့် ရှိပြီး လက်ရှိ ထိုင်းအာဏာပိုင်များက ဘန်ကောက်မြို့ အရေးကြီးသည့်နေရာများတွင် ရေမလွှမ်းမိုးနိုင်အောင် ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်နေသည်။

    ထိုင်းနိုင်ငံ ရေကြီးမှုသည် အနှစ် ၅၀ အတွင်း အဆိုးဆုံးဖြစ်ပြီး ထိုင်းနိုင်ငံရှိ ခရိုင် ၇၆ ခုရှိသည့်အနက် ခရိုင် ၆၁ ခု ရေလွှမ်းမိုးမှုဒဏ် ခံနေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks