spot_img
Friday, March 14, 2025
More
    spot_img
    Homeသတင်းမွန်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လိမ့်မည်ဟု မျှော်လင့်

    မွန်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လိမ့်မည်ဟု မျှော်လင့်

    -

    ကျလွန်းထော – မနက်ဖြန် သီတင်ကျွတ်လပြည့်နေ့တွင် လက်ရှိအစိုးရ၏ ထုတ်ပြန်ကြေငြာချက်အရ အကျဉ်းသား (၆၃၅၉) ဦးကို လွတ်ငြိမ်းချမ်းသာပေးသည့်အထဲတွင် မွန်နိုင်ငံရေးအကျဉ်းသားလည်း လွတ်မြောက်လိမ့်မည်ဟု မိသားစုဝင်များက မျှော်လင့်နေကြသည်။

    မော်လမြိုင်ထောင်
    မော်လမြိုင်ထောင်

    မွန်နိုင်ငံရေး အကျဉ်းသားများဖြစ်သည့် ထောင်ဒဏ်တသက်တကျွန်း ကျခံနေသည့် နိုင်ယက္ခ၊ နိုင်မျိုးသွေးနှင့် ထောင်ဒဏ်နှစ်ရှည် ကျခံနေသည့် ၈၈ ကျောင်းသားဟောင်း ကိုမင်းဇေယျာ၊ ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်သဖြင့် ထောင်ဒဏ် (၁၅) နှစ် ကျခံနေသည့် အရှင်ဥက္ကံသ (ခေါ်) ဦးဇင်းဇော်လတ် တို့လည်း လွတ်မြောက်မည်ကို မျှော်လင့်နေကြသည်။

    “ဦးဇင်းဇော်လတ်က လုံးဝ လွတ်မြောက်ဖို့ရှိတယ်၊ ဘာလို့လည်းဆိုတော့ ဦးဇင်းက ဘာအနှောင့်အဖွဲ့မှမပါပဲ ဆန္ဒပြခဲ့ယုံသက်သက်နဲ ထောင်ဒဏ်ကျခံရတဲ့သူဆိုတော့ လွတ်မယ်လို့ ကျနော်တို့က တကယ့်ကို မျှော်လင့်ထားတယ်” ဟု ဦးဇင်း၏ ဝမ်းကွဲညီအစ်ကိုက ပြောသည်။

    သို့သော် နိုင်ယက္ခနှင့် နိုင်မျိုးသွေးမှာမူ လက်နက်များနှင့်အတူ ဖမ်းဆီးရရှိကြောင်း ယခင်အစိုးရ၏ လုပ်ကြံမှုဖြင့် အကျဉ်းကျခံရသည့်အတွက် အစိုးရသစ်မှ လွတ်ငြိမ်ချမ်းသာခွင့်ပေးရန် မျှော်လင့်ချက် နည်းနေကြောင်း မွန်ပြည်သစ်ပါတီ နိုင်ငံခြားရေးရာဌာနတာဝန်ခံ နိုင်ဟံသာဗိုန်ခိုင်းက ပြောသည်။

    “မျှော်လင့်မိတာတော့ အမှန်ပါ၊ တကယ်လို့ မလွှတ်ပေးရင်တောင်မှ ထောင်ဒဏ်လျော့ပေါ့မှုတော့ ရှိမယ်ထင်တယ်၊ ဒါကတော့ အစိုးရသစ်ရဲ့ စေတနာ မှန်၊ မမှန်ဆိုတာ မနက်ဖြန်ကျရင် အသေအခြာသိရမှာပဲ၊ အပြောသက်သက်ဘဲလား၊ တကယ်ပဲ လုပ်မှာလားဆိုတာ စောင့်ကြည့်ရမှာပါ” ဟု နိုင်ဟံသာဗိုန်ခိုင်းက ပြောသည်။

    နိုင်ယက္ခ၊ နိုင်မျိုးသွေးတို့ကို နိုင်ငံတော် ပုန်ကန်ရန် ကြံစည်မှုဖြင့် ၂၀၀၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် အာဏာပိုင်တို့က လုပ်ကြံဖမ်းဆီးခဲ့ပြီး ၂၀၀၃ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် သေဒဏ်စီရင်ခြင်း ခံရသော်လည်း အယူခံဝင်ရာမှာ ထောင်ဒဏ်တသက်တကျွန်းသို့ ပြစ်ဒဏ် လျော့ချပေးခဲ့သည်။

    အရှင်ဥက္ကံသ (ခေါ်) ဦးဇင်းဇော်လတ်မှာ အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃ (က)/၃၈ ဖြင့် (၁၀) နှစ်၊ တရားမဝင် ပုံနှိပ် ထုတ်ဝေ ပုဒ်မ ၁၇/၂၀ ဖြင့် (၄) နှစ်၊ နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် (၁) နှစ် စုစုပေါင်း ထောင်ဒဏ် (၁၅) နှစ်ဖြစ် ၂၀၁၀ ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့တွင် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

    အစိုးရအသစ် တက်ပြီးချိန်မှစ၍ ယခုထုတ်ပြန်သော လွတ်ငြိမ်းချမ်းသာခွင့်မှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမမှာ ၂၀၁၁ ခုနှစ် မေလ ၁၇ ရက်နေ့ ထုတ်ပြန်ကြေငြာချက်အရ အကျဉ်းသား ၁၄၆၀၀ ကျော် လွတ်ငြိမ်းခွင့်ရခဲ့သည့်အပြင် သေဒဏ်ကျ အကျဉ်းသား ၃၄၈ ဦးကို ထောင်ဒဏ်အသက်တကျွန်း ချမှတ်ခဲ့သည်။

    သို့သော် မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော် ရှိကြောင်း လန်ဒန်အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,400SubscribersSubscribe
    spot_img

    Latest posts