Friday, March 13, 2026
More
    spot_img
    Homeသတင်းပြည်နယ်အစိုးရနှင့်ငြိမ်းချမ်းရေးမဆွေးနွေးရန် OMCC က မွန်ပြည်သစ်ကိုတိုက်တွန်း

    ပြည်နယ်အစိုးရနှင့်ငြိမ်းချမ်းရေးမဆွေးနွေးရန် OMCC က မွန်ပြည်သစ်ကိုတိုက်တွန်း

    -

    မင်းသုတ – ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များပါဝင်ခြင်းမရှိပါက မွန်ပြည်နယ် ကြံ့/ ဖွတ်အစိုးရ၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုကို လက်မခံရန် မွန်ပြည်သစ်ပါတီအား အလေးအနက်တိုက်တွန်းထားသော ကြေငြာချက်တစ်ရပ်ကို နိုင်ငံတကာရောက်မွန်အမျိုးသား ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Overseas Mon Coordination Committee- OMCC) က ယမန်နေ့အောက်တိုဘာလ (၃) ရက် နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သည်။

    အဆိုပါထုတ်ပြန်ချက်၌ မွန်ပြည်သစ်ပါတီအပါအဝင် အခြားအပစ်ရပ်အဖွဲ့များအနေဖြင့် ယခင်နဝတ၊ နအဖစစ်အစိုးရနှင့်အပစ်အခတ်ရပ်စဲခဲ့သော အားနည်းချက်အမှတ်များကို သင်ခန်းစာယူရမည်ဟု ဖေါ်ပြထားသည်။

    “အားနည်းချက်ဆိုတာ အဲဒီကာလက နိုင်ငံရေးအခြေအနေတွေကို လေးလေးနက်နက်မသုံးသပ်နိုင်ခဲ့လို့ စစ်အစိုးရခင်းကျင်းထားတဲ့ နည်းဗျူဟာတွေကိုနားမလည်နိုင်ခဲ့ဘူး၊ ဥပမာ-ဒီမိုကရေစီအုပ်စုတွေကို ချေမှုန်းဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အပစ်ရပ်တာတွေလုပ်တယ်၊ တစ်ဖွဲ့ချင်းခွဲပြီးလုပ်ခဲ့တယ်၊ နောက်ပိုင်း အစိုးရသစ်လက်ထက်နယ်ခြားစောင့်ကိစ္စတွေဖြစ်လာတဲ့အထိပေါ့၊ အခုလည်း လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ သတိထားရမယ့်အချက်တွေအများကြီးရှိနေတယ်” ဟု OMCC ဒုဥက္ကဌ နိုင်သီရိမွန်ချမ်းက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    အထူးသဖြင့် ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကိုယ်စားလှယ်တွေ့ဆုံခြင်း၊ သမ္မတ၏ပြည်တော်ပြန်ဘိတ်ခေါ်ခြင်းများရှိခဲ့သော်လည်း ထင်သာမြင်သာသည့် အပြောင်းအလဲများမတွေ့မြင်ရသေးကြောင်းနှင့် ကချင်၊ကရင်၊ ရှမ်းပြည်နယ်တို့တွင် အစိုးရစစ်တပ်ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း သူကဆက်ပြောသည်။

    မွန်ပြည်နယ်၊ ရေးမြို့နယ်တစ်နေရာ၌ မွန်ပြည်နယ်အစိုးရနှင့် မွန်ပြည်သစ်ထိပ်ပိုင်းခေါင်းဆောင် နှစ်ဖက်ကိုယ်စားလှယ်များ၊ မွန်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များနှင့်အတူ ယခုရက်ပိုင်းတွင်လျှို့ဝှက်တွေ့ဆုံနေကြမည်ဟု ယုံကြည်စိတ်ချသူများထံမှ သတင်းရရှိခဲ့သော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

    “မွန်ပြည်သစ်ပါတီအနေနဲ့ ပြည်နယ်အစိုးရအဆင့်နဲ့ မဆွေးနွေးသင့်ပါဘူး၊ ဗဟိုအစိုးရနဲ့ပဲတိုက်ရိုက်ဆွေးနွေးသင့်တယ်” ဟု မွန်ပြည်သစ်ပါတီစစ်အကြံပေးပုဂ္ဂိုလ် အငြိမ်းစားဗိုလ်မှူးကြီးကောင်းရွတ်က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks