spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းကားတိုက်သေဆုံးသည့် မြန်မာအလုပ်သမား လျော်ကြေးငွေကိစ္စ နှစ်ဖက်ညှိနှိုင်းမရသေး

    ကားတိုက်သေဆုံးသည့် မြန်မာအလုပ်သမား လျော်ကြေးငွေကိစ္စ နှစ်ဖက်ညှိနှိုင်းမရသေး

    -

    ကျလွန်းထော – မြန်မာယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ ရခိုင်လူမျိုး ကိုမောင်ဝင်း (အသက် ၃၀ နှစ်) သည် ထိုင်းနိုင်ငံ၊ ဖူးကက်မြို့၌ ယခုရက်ပိုင်းအတွင်း မော်တော်ကားတိုက်သေဆုံးခဲ့ရာ ၄င်းလျော်ကြေးငွေကိစ္စအတွက် နှစ်ဖက်အကြားညှိနှိုင်း၍မရသေးကြောင်း သေဆုံးသူ၏အဖေါ်ဖြစ်သူ ကိုကျော်လှထွန်း ကပြောသည်။

    ကိုမောင်ဝင်း၊ ကိုကျော်လှထွန်း၊ ကိုသန်းမြင့်ဆိုသူမြန်မာပန်းရံအလုပ်သမား ၃ ဦးတို့သည် စက်တင်ဘာလ ၁၁ ရက်နေ့၌ အလုပ်သွားရန်ပလက်ဖောင်းပေါ်လမ်းလျှောက်နေစဉ် နိုင်ငံခြားသားတစ်ဦး မောင်းနှင်လာသည့်ကား ဝင်တိုက်သဖြင့် ၄င်းတို့နှစ်ဦးဒဏ်ရာရသည့်အနက် ကိုမောင်ဝင်းသည် စက်တင်ဘာလ ၁၃ရက်နေ့၊ နံနက်စောစောတွင် ဖူးကက်မြို့ ၀ါရှီလဆေးရုံကြီးတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

    “တရားလိုကနေ ရဲစခန်းကတဆင့် ဘတ် ၅ သောင်းပေးမယ်လို့ပြောလာတယ်၊ ကာယကံရှင်မိသားစုကိုယ်တိုင်လာယူရမယ်တဲ့၊ သူ့မိဘတွေကလည်း အသက် ၈၀ ကျော်နေပြီး၊ လာဖို့ကလည်း အဆင်မပြေတော့ဘူး၊ သူ့အကိုတစ်ယောက်ကလည်း အခု ချင်းပြည်နယ်မှာရှိနေတယ်၊ ကျနော်တို့လည်း ဘာဆက်လုပ်ရမလဲတောင်မသိတော့ဘူး” ဟု ကိုကျော်လှထွန်းက ဆက်ပြောသည်။

    ထို့ကြောင့် စက်တင်ဘာ ၁၃ ရက်နေ့၊ ညပိုင်းတွင် သေဆုံးသူအတွက်လျောကြေးငွေဘတ် ၅ သောင်းကိုလက်မခံကြောင်း ရခိုင်တိုင်းရင်းသားအလုပ်သမား ၄၀ ဦးခန့်က ဖူးကက်မြို့၊ ပါတောင် ရဲစခန်းသို့ စုရုံးကာသွားရောက်ငြင်းဆိုခဲ့သည်။

    သို့ရာတွင် သေဆုံးသူ ကိုမောင်ဝင်း၏ ဖခင်ကိုယ်တိုင် လက်မှတ်ထိုးမှသာလျှင် လျောကြေးငွေပေးမည်ဟု ဖူးကက်မြို့ ပါတောင် ရဲစခန်းရဲစခန်းမှ ယမန်နေ့ (စက်တင်ဘာ ၁၄) ရက်နေ့လည်ပိုင်းတွင် ပြန်လည်ပြောကြားခဲ့ကြောင်း ရခိုင်အမျိုးသား ကိုစန်းဝင်းက ပြောသည်။

    သေဆုံးခဲ့သူ ကိုမောင်၀င်းသည် ကျောက်တော်မြို့နယ်၊ ခခါတ်ပြင်ကျေးရွာနေ အဖ ဦးစိန်လှထွန်း၊ အမိ ဒေါ်မကျော့စိန်တို့၏ သားဖြစ်ကြောင်း သိရပြီး ဒဏ်ရာဖြင့် ဆေးရုံတက်ရောက်ကုသခံနေရသူမှာ တောင်ပုကေရွာ၊ ပေါက်တောမြို့နယ်မှ ကိုသန်းမြင့်ဆိုသူမှာ ယနေ့တွင်ဆေးရုံမှဆင်းခဲ့ပြီဟု သိရသည်။

    ၄င်းကားတိုက်မှုကိစ္စကို ဖြေရှင်းရန်အတွက် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးကို ဆက်သွယ်ထားပြီး ကာယကံရှင်မိဘများ ကိုယ်တိုင်မလာရောက်နိုင်ပါက မောင်နှမတစ်ဦးနှင့်မိဘတို့၏ဓါတ်ပုံ အိမ်ထောင်စုစာရင်း၊ ရဲစခန်းထောက်ခံချက်များရရှိပါက လျော်ကြေးငွေကိစ္စ ကူညီပေးနိုင်မည်ဖြစ်ကြောင်း ကိုစန်းဝင်းက ပြောသည်။

    “ပိုက်ဆံ ၅ သောင်းပေးတာကို လက်မှတ်မထိုးဖို့ ကျနော်တို့ အကြံပေးထားပါတယ်၊ ဗမာပြည်က ယာယီပတ်စပို့နဲ့ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားရွေ့ပြောင်း အလုပ်သမားဖြစ်သွားပြီ၊ ဒါ့ကြောင့် သူ့ရဲ့အလောင်းကို ဘယ်သူမှမီးရှို့လို့မရဘူး၊ တကယ်လို့အလောင်းကို တစ်ခုခုလုပ်လိုက်လို့ ကျန်ရစ်သူမိသားစုဝင်တွေတိုင်ကြားလာမယ်ဆိုရင် ဗမာသံရုံးကနေ တရားစွဲလို့ရတယ်” ဟု Thai Action Committee For Democracy in Burma မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဝေက ပြောသည်။

    သေဆုံးသူ ကိုမောင်ဝင်း၏ရုပ်အလောင်းကို ဝါရှီလဆေးရုံကြီးတွင်ဆက်လက်ထားရှိပြီး ယခုတိုင်မီးသဂြုႋလ်ခြင်းမပြုရသေးကြောင်း သိရသည်။

    လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် အောက်တိုဘာလတွင် ရနောင်းမြို့၌ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်သူမြန်မာရွှေ့ပြောင်း အလုပ်သမား (၃၉) ဦး တင်ဆောင်လာသည့် မှန်လုံအမြန်ယာဉ် တိမ်းမှောက်သေဆုံးခဲ့သူ ကိုအောင်ကိုလင်းအတွက် ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မယ့်ကလောင်မြို့ရှိ ဝီရိယကုမ္ပဏီမှ လျော်ကြေးငွေဘတ်ငွေ ၂ သိန်းခွဲပေးခဲ့ရာ မြန်မာပြည်မှ မိခင်ကိုယ်တိုင် လာရောက်လက်ခံရယူခဲ့ကြောင်း ယခင်သတင်းများတွင်ဖေါ်ပြခဲ့သည်။

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks