spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းအစိုးရ၏ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ လုပ်ငန်းဖေါ်ဆောင်နိုင်လိမ့်မည်မဟုတ်

    အစိုးရ၏ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ လုပ်ငန်းဖေါ်ဆောင်နိုင်လိမ့်မည်မဟုတ်

    -

    မင်းသုတ– ကျင်းပဆဲဖြစ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဖွဲ့စည်းခဲ့ရာတွင် ပြည်ခိုင်ဖြိုးပါတီအဖွဲ့ဝင်များသာ အဓိကစိုးမိုးနေရာယူထားပြီး ပါဝင်သင့်သူများပါဝင်ခွင့်မရှိသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများ ဖေါ်ဆောင်နိုင်လိမ့်မည်မဟုတ်ဟု မွန်နိုင်ငံရေးခေါင်းဆောင်အချို့ သုံးသပ်ကြသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ (၅) ရက်နေ့၌ ကျင်းပခဲ့သော ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယအကြိမ်ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် အဆိုပါကော်မတီကို ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း အစိုးရသတင်းမီဒီယာများက ဖေါ်ပြခဲ့သည်။

    “ဘယ်လိုပဲဖွဲ့ဖွဲ့ ဘယ်သူတွေပဲပါဝင်ပါစေ၊ ကြံ့ဖွတ်အစိုးရရဲ့ ဒို့တာဝန်အရေးသုံးပါးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်းကပဲ ဆွေးနွေးကြရမယ်ဆိုတဲ့ ကြိုတင်စည်းကမ်းချက်တွေပါနေရင်တော့ အချိန်ပဲကုန်သွားလိမ့်မယ်၊ အလုပ်ဖြစ်လာမှာမဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ခွင့်မရှိတော့ ပိုခက်ပါလိမ့်မယ်”ဟု မွန်အမျိုးသား ဒီမိုကရေစီဒုဥက္ကဌနိုင်ငွေသိမ်းက ယူဆသည်။

     ပြည်သူ့လွှတ်တော်အစည်းအဝေးမြင်ကွင်း
    ပြည်သူ့လွှတ်တော်အစည်းအဝေးမြင်ကွင်း

    ယခုဖွဲ့စည်းခဲ့သည့်ကော်မတီ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းဇော်သည် ဥက္ကဌ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက)မှ ဒေါ်ဒွဲဘူသည် အတွင်းရေးမှူး၊ ကျန်အဖွဲ့ဝင် ၁၃ ဦးတွင် ညီနောင်တိုင်းရင်းသားပါတီထဲမှ ဦးငွန်မောင်း-(ချင်းအမျိုးသားပါတီ CNP)၊ ဦးစောသိန်းအောင်-(ဖလုံ-စေ၀ါ် အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ)၊ ဦးဘရှိန်-(ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ)၊ ဦးစိုင်းမောင်တင်-(ရှမ်းတိုင်းရင်းသားများ ဒီမိုုကရက်တစ်ပါတီ)၊ တစညပါတီဝင်တစ်ဦးနှင့် ကျန်အဖွဲ့ဝင်များမှာ ပြည်ခိုင်ဖြိုးပါတီဝင်များ ဖြစ်ကြောင်းသိရသည်။

    ပြည်ခိုင်ဖြိုးပါတီဝင် မွန်တိုင်းရင်းသူတစ်ဦးဖြစ်သူ ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိရင်ချမ်း ယင်းကော်မတီတွင် အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သော်လည်း မွန်ပါတီ AMDP ကိုယ်စားလှယ်တစ်ဦးမျှ မပါဝင်ခဲ့ပေ။

    မွန်အမျိုးသားနေ့ကျင်းပရေး (ဗဟို) နာယက နိုင်တင်အောင်က “ဒီမိုကရေစီအကျိုးအတွက် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် အမြန်ဆုံးလုပ်ဆောင်ပေးရာမှာ ပါဝင်သင့်သူတွေကိုလည်း ပါဝင်ခွင့်ရှိစေချင်တယ်၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ပါလာရင် ပိုပြီးအဆင်ပြေပါလိမ့်မယ်” ဟု ပြောသည်။

    ယင်းပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်ပြုရန် လွှတ်တော်ကိုယ်စားလှယ်တချို့ တင်ပြဆွေးနွေးခဲ့ရာတွင် ပြည်ခိုင်ဖြို့ကိုယ်စားလှယ်များ ပယ်ချခဲ့ကြောင်း သတင်းမီဒီယာများက ဖေါ်ပြခဲ့သည်။

    တဖက်တွင်လည်း ညီညွတ်သောတိုင်းရင်းသားဖက်ဒရယ်ကောင်စီ (UNFC)က ငြိမ်းချမ်းရေးကိစ္စဆွေးနွေးရန် ကော်မတီတရပ်ဖွဲ့စည်းခဲ့ပြီး မြန်မာအစိုးရအား တနိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားသည်။

    ယမန်နေ့တွင်ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် ၁၂ ရက်မြောက်အစည်းအဝေးတွင် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများအကြောင်း ကိုယ်စားလှယ်များထောက်ခံဆွေးနွေးခဲ့ပုံကို ယနေ့ထုတ်အစိုးရသတင်းစာများတွင် ဖေါ်ပြထားသည်။

    ယမန်နေ့ထုတ် အစိုးရသတင်းစာဖော်ပြချက်တစ်ခု၌ ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် KIA တပ်ဖွဲ့အတွင်း ပဋိပက္ခများ ပြင်းထန်နေပြီး အစည်းအေ၀းအတွင်းပစ်ခတ်မှုများဖြစ်ပွားရာမှ သေဆုံးသူနှင့် ဒဏ်ရာရသူများရှိသည်ဆိုသည့်သတင်း မဟုတ်မှန်ကြောင်း KIA က တု့ံပြန်လိုက်သည်။

    ထို့အတူပြီးခဲ့သည့်လသတင်းစာရှင်းလင်းပွဲ၌ ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း၏ KIO နှင့်ပတ်သက်သောရှင်းလင်းပြောကြားချက်များတွင် လုပ်ကြံပြောဆိုမှုများတွေ့ရှိနေရကြောင်း အကဲခတ်များက ထောက်ပြပြောဆိုနေသည်။

    လက်ရှိတွင် မြန်မာအစိုးရအနေဖြင့် ကြေညာချက်အမှတ် ၁/၂၀၁၁ ထုတ်ပြန်၍ ငြိမ်းချမ်းရေး ကမ်းလှမ်းထားခြင်း၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဖွဲ့စည်းထားရှိခဲ့သော်လည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်နီနှင့် ကရင်ပြည်နယ်များတွင် မြန်မာစစ်တပ်များထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks