Monday, March 16, 2026
More
    spot_img
    Homeသတင်း“ဒီကေဘီအေ” တပ် အင်အား ထောင်ချီ လှုပ်ရှားနေဆဲ

    “ဒီကေဘီအေ” တပ် အင်အား ထောင်ချီ လှုပ်ရှားနေဆဲ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားအစည်းအရုံး (DKBA) သည် အင်အားထောင်နှင့်ချီပြီး ရပ်တည်လှုပ်ရှားနေဆဲ ဖြစ်ကြောင်း ဒီကေဘီအေ၏ ကလိုထူးဘော စစ်ဌာနချုပ် ပြန်ကြားရေးတာဝန်ခံက ယနေ့ ပြောဆိုလိုက်သည်။

    ဒီကေဘီအေတပ်ဖွဲ့ဝင်များ
    ဒီကေဘီအေတပ်ဖွဲ့ဝင်များ

    ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP) က ဒီကေဘီအေအား နိုင်ငံတော်ဖွဲ့စည်းပုံနှင့်အညီ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီးဖြစ်သဖြင့် DKBA ဟူ၍ မရှိတော့ကြောင်း စက်တင်ဘာ ၂ ရက်နေ့ နေ့စွဲဖြင့် အစိုးရပိုင်သတင်းစာများမှတဆင့် ထုတ်ပြန်ခဲ့ခြင်းအပေါ် ဒီကေဘီအေက ယခုကဲ့သို့ တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

    အဆိုပါ ပြန်ကြားရေးတာဝန်ခံက “ဒီကေဘီအေတပ်ဖွဲ့က အင်အား သုံးထောင်ဝန်းကျင်နဲ့ ရပ်တည်နေဆဲဖြစ်တယ်၊ ဗိုလ်နှုတ်ခမ်းမွေးဦးဆောင်သည့်တပ်ဖွဲ့နဲ့ ဗိုလ်မှူးကြီးစောဘိ ဦးဆောင်တဲ့ မြိုင်ကြီးငူတပ်ဖွဲ့တွေ အင်အား အဓိက ရှိတယ်”ဟု ပြောသည်။

    မြန်မာအစိုးရက နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခြင်းကို လက်မခံသော ဒီကေဘီအေတပ်ဖွဲ့များသည် ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူတပ်များနှင့် မဟာမိတ်အဖြစ် ပူးပေါင်းပြီး အစိုးရတပ်ကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောသည်။

    ယင်းတပ်များသည် မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ မြိုင်ကြီးငူဒေသရှိ လှိုင်းဘွဲ့နှင့် ဖားအံခွင်တလျှောက်မှာ ကေအဲန်ယူတပ်များနှင့် ပူးပေါင်းလှုပ်ရှားနေသည်။

    ယင်းဒီကေဘီအေတပ်ဖွဲ့များသည် တဖက်တွင် စစ်ရေးအရ ကေအဲန်ယူနှင့် ပူးပေါင်းပြီး အစိုးရတပ်ကို တိုက်ခိုက်နေသလို နိုင်ငံရေးအပိုင်းမှာလည်း ကေအဲန်ယူနှင့် ပြန်လည်ပူးပေါင်း ဆောင်ရွက်သွားလိုသည်ဟု ဆိုသည်။

    ဒီကေဘီအေသည် ကေအဲန်ယူအဖွဲ့မှ ၁၉၉၄ ခုနှစ်တွင် ခွဲထွက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ကာလတွင် စစ်အစိုးရ၏ အစီစဉ်အရ ဒီကေဘီအေတပ်ဖွဲ့အများအပြား နယ်ခြားစောင့်တပ် အဖြစ် အသွင် ကူးပြောင်းခဲ့သည်။

    သို့ရာတွင် ထိုသို့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရခြင်းကို လက်မခံသည့် ဗိုလ်မှူကြီးစောလားပွယ်(ဗိုလ်နှုတ်ခမ်းမွှေး) ဦးဆောင်သည့်တပ်များက ဒီကေဘီအေနာမည် ဆက်လက် ခံယူပြီး စစ်ရေးအရ လှုပ်ရှားနေခြင်းဖြစ်သည်။

    ဒီကေဘီအေ မရှိတော့ကြောင်း အစိုးရပိုင် သတင်းစာမှ ကြေညာသည့် ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီပါတီသည် ၂၀၁၀ ခုနှစ်က ဒီကေဘီအေတပ်ဖွဲ့အား နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲခဲ့ပြီး နောက်ပိုင်း ဒီကေဘီအေမှ ထွက်လာသည့် အရာရှိ စစ်သည်ဟောင်းများဖြင့် နိုင်ငံရေးပါတီတခုအဖြစ် ထူထောင်ပြီး ရွေးကောက်ပွဲ ၀င်ခဲ့သည်။

    ၎င်းပါတီတွင် ဥက္ကဌ စောသာထူးကျော်၊ ဒုဥက္ကဌ စောအောင်ငွေနှင့် အတွင်းရေးမှူး စောသန်းမြတို့ဖြင့် ဦးဆောင်နေပြီး၊ လက်ရှိ ကရင်ပြည်နယ်၏ စီးပွားရေး၀န်ကြီး ဦးစိုင်းချစ်လှိုင်မှာ KSDDP ပါတီမှ ဖြစ်သည်ဟု ကေအိုင်စီသတင်းတပုဒ်တွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks