ရိုင်မရော့၊ လွတ်လပ်သော မွန်သတင်းအေဂျင်စီ – ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်တည်ဆောက်မည့်နေရာ အနီးမှ ကျေးရွာ ၅ ရွာ၊ အိမ်ခြေ ၁၄၀၀ ကို စတင် ပြောင်းရွှေ့ရန် ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။ ပထမဆုံး ပြောင်းရွှေ့ရမည့် အဆိုပါ ကျေးရွာများမှာ မူးဒူး၊ ပရဒတ်၊ မယင်းကြီး၊ ထိန်ကြီးနှင့် ခိုင်ကြီးကျေးရွာ တို့ဖြစ်ကြသည်။
“နဘုလည်တဝိုက်က ရွာတွေပေါ့။ လောလောဆယ်မှာတော့ မပြောင်းရသေးဘူး၊ ဒါပေမယ့် ပြောင်းရွှေ့ရမယ် ဆိုတာကိုတော့ ရွာခံတွေကို အသိပေးထားပြီးပြီ” ဟု ရွာပြောင်းရွှေ့ရမည့် ဒေသခံများနှင့် တွေ့ဆုံခဲ့သူ ထားဝယ်မြို့ခံတဦးက ပြောသည်။ သို့သော် ပြောင်းရွှေ့ရမည့် အချိန်ကိုမူ အသိပေးခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ဇူလိုင်လနှောင်းပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မတ်စ်မြန်မာကုမ္မဏီ (Max Myanmar Company) မှ တာဝန်ရှိသူတို့က လာရောက်စဉ် ထိုသို့ အသိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အိမ်များကို နံပါတ်ပြားများကပ်ခြင်း၊ ခြံများရှိ သစ်ပင်အရေအတွက်ကို စာရင်းကောက်ခြင်း၊ ခြံမြေအကျယ်အ၀န်း တိုင်းထွားခြင်းများလည်း ပြုလုပ်သွားသည်ဟု အဆိုပါ ထားဝယ်မြို့ခံက ပြောသည်။
ပြောင်းရွှေ့ရမည့်နေရွာတွင် ပထမအဆင့် အာစီ သွပ်မိုး၊ ဒုတိယ အလယ်လတ်အဆင့်နှင့် တတိယ ပျဉ်ထောင်အိမ်များ တည်ဆောက်ပေးမည်ဟု ရွာသားများအား ကုမ္မဏီက ပြောကြားခဲ့သည်။
စီမံကိန်းနယ်မြေထဲရှိ ပြောင်းရွှေ့ရန်သတ်မှတ်ထားသည့် ကျေးရွာ ၃၀ ခန့်ရှိသည့်အနက် ယခု ပထမအသုတ် ပြောင်းရွှေ့မည့် ကျေးရွာ ၅ ရွာသည် ထားဝယ်ရေနက်ဆိမ်းကမ်း၏ အဓိက စီမံကိန်းတည်ဆောက်ရာ နေရာအတွင်း ကျရောက်နေသည်။ ထိုရွာ ၅ ရွာကို ဘာဝကမ်းခြေနှင့် ဘာဝကျေးရွာကြား နေရပ်တခုတည်းတွင် တစုတစည်းတည်း နေရာချပေးရန် မတ်စ်မြန်မာကုမ္မဏီက စီစဉ်နေသည်။
အထက်ဖော်ပြပါ ထားဝယ်မြို့ခံက “ရွာသားတွေကတော့ မပြောင်းချင်ကြဘူး၊ ပြောင်းပြီးရင် ဘာလုပ်စားရမှန်း မသိတာကို စိုးရိမ်နေကြတယ်။ ကုမ္မဏီကလည်း ဘာမှ စီစဉ်ပေးတာ မရှိသေးဘူး” ဟု ပြောသည်။
သက်ဆိုင်ရာ အာဏာပိုင်များနှင့် ကုမ္မဏီ တာဝန်ရှိသူများက ပြောင်းရွှေ့ရမည့် ကျေးရွာများအား လျော်ကြေးပေးမည်ဟု ပြောထားသော်လည်း လက်တွေ့မှာ ဘာမျှ မရရှိသေးကြောင်း ထားဝယ်ဒေသခံ သတင်းထောက် စောအယ်နာက ပြောသည်။
“ကုမ္ပဏီတွေက ရွာသားတွေဆီ စာရင်းလာကောက်တဲ့အခါ လျော်ကြေးတွေ ပေးမယ်လို့ ပြောပေမယ့် ဘယ်အချိန် ပေးမလဲ၊ ဘယ်လောက်ပေးမယ်ဆိုတာ ပြောမသွားသလို ခုထိ ပေးတာလည်း မရှိသေးဘူး” ဟု ၎င်းက ပြောသည်။
ထားဝယ်ရေနက်ဆိမ်းကမ်းစီမံကိန်းတည်ဆောက်မည့် နယ်မြေတ၀ိုက်ရှိ ကျေးရွာများမှ ဒေသခံများသည် အများအားဖြင့် ဓနိ၊ ထန်း၊ နာနတ်စသည့် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပြီး၊ ရေလုပ်ငန်း လုပ်သူများလည်း ရှိသည်။