spot_img
Monday, August 25, 2025
More
    spot_img
    Homeသတင်းသမ္မတမိန့်ခွန်းအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်မခံနိုင်

    သမ္မတမိန့်ခွန်းအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်မခံနိုင်

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ-သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းပါ လက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဆွေးနွေးလိုပါက သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့် အချိန်မရွေး ဆွေးနွေးနိုင်သည်ဆိုသည့်အချက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက လက်ခံနိုင်စရာအကြောင်းမရှိဟု ပြောကြားကြသည်။

     ပြည်ထောင်စုအစိုးရအဖွဲ့မှယမန်နေ့တွင်ထုတ်ပြန်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်စာ
    ပြည်ထောင်စုအစိုးရအဖွဲ့မှယမန်နေ့တွင်ထုတ်ပြန်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်စာ

    သြဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ MICC တွင် ကျင်းပသည့် လူမှုစီးပွားရေး တွေ့ဆုံပွဲမှာ သမ္မတ ဦးသိန်းစိန်က မည်သည့်လက်နက်ကိုင်တပ်ဖွဲ့များမဆို ငြိမ်းချမ်းရေးရယူလိုသည့် ဆန္ဒရှိလျှင် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့နှင့် အချိန်မရွေး ဆွေးနွေးနိုင်ပြီး ယင်းကိစ္စကို အစိုးရအနေနှင့် လမ်းဖွင့်ပေးထားကာ ပြည်ထောင်စုအစိုးရအဖွဲ့အနေနှင့်လည်း ဒို့တာဝန်အရေး ၃ ပါးကို အဓိက ထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဟု မိန့်ခွန်းပြောခဲ့သည်။

    ထိုမိန့်ခွန်းနှင့် ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့အစည်းများအနေနှင့် သုံးပွင့်ဆိုင်ဆိုသည့် ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားအင်အားစုနှင့် လက်ရှိ အစိုးရသစ်တို့ တွေ့ဆုံဆွေးနွေးမှသာလျှင် တိုင်းပြည်ငြိမ်းချမ်းနိုင်မည်ဟု တုန့်ပြန်ကြသည်။

    “မဟာမိတ်အနေနဲ့ပဲ ဆွေးနွေးချင်တယ်၊ တပြည်လုံးဆွေးနွေးမှ တပြည်လုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးရမယ်၊ သူတို့ (အစိုးရ) ပြောသလို တဖွဲ့ချင်း တပြည်နယ်ချင်းက ကျနော်တို့ မလိုချင်ဘူး လက်ခံနိုင်စရာအကြောင်းလည်း မရှိဘူး” ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဌ ပဒိုးဒေးဗစ်တာကပေါ ပြောသည်။

    လက်နက်ကိုင်အဖွဲ့အစည်း ၁၂ ဖွဲ့ ပါသည့် ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီ (UNFC) က အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် လက်နက်ကိုင် မဟာမိတ်အဖွဲ့အစည်းများအားလုံးနှင့် တွေ့ဆုံဆွေးနွေးရမည်ဟု မူကြမ်းချမှတ်ထားပါသည်။

    လက်ရှိ မြန်မာနိုင်ငံအတွင်းဖြစ်ပျက်နေသည့် နိုင်ငံရေးပဋိပက္ခများ တိုင်းရင်းသားဒေသအတွင်းဖြစ်ပွားနေသည့် စစ်ပဋိပက္ခများကို အစိုးရအနေနှင့် သုံးပွင့်ဆိုင် ဆွေးနွေးမှု မပြုလုပ်သ၍ ထိုပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ဟု မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ် လက်ရှိ (UNFC) အဖွဲ့၏ အတွင်းရေးမှူးလည်းဖြစ်သည့် နိုင်ဟံသာနှင့် ဆက်သွယ်မေးမြန်းချက်တရပ်တွင် အောက်ပါအတိုင်းပြောဆိုခဲ့သည်။

    “နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ မဖြေရှင်းနိုင်သ၍တော့ ငြိမ်းချမ်းရေးဆိုတာနဲ့ အလှမ်းဝေးနေအုံးမှာပဲ” ဟု ပြောခဲ့ဖူးသည်။

    သမ္မဦးသိန်းစိန်အနေနှင့် လက်နက်ကိုင်တပ်ဖွဲ့များအား အမှန်တကယ် ငြိမ်းချမ်းရေးကမ်းလှမ်းလိုလျှင် ထိုကမ်းလှမ်းချက်ကို ဥပဒေအရ ထုတ်ပြန်ဆွေးနွေးရန် လိုအပ်သည်ဟု ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP ) က ပြောသည်။

    (UNFC) ကို ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဖွဲ့စည်းခဲ့ပြီး အမြဲတမ်းအဖွဲ့ဝင်အဖြစ် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ဆက်စပ် အဖွဲ့ဝင်များအဖြစ် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ (LDU)၊ ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO) နှင့် ကချင် အမျိုးသား အစည်းအရုံး (KNO) တို့ ပါဝင်သည်။

    သမ္မတ၏မိန့်ခွန်းအပေါ် မှီပြုပြီး ပြည်ထောင်စုအစိုးရရုံးမှလည်း သြဂုတ်လ (၁၈) ရက်နေ့ ရက်စွဲဖြင့် ငြိမ်းချမ်းရေးဖိတ်ကြားလွှာတစောင်ကုုိ ထုတ်ပြန်ခဲ့သည်။

    ၁၉၉၀ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ယခင်စစ်အစိုးရလက်ထက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့် ပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ရယူခဲ့သည်။ ထိုအပစ်အခတ်ရပ်စဲရေးကို ယခင်အစိုးရကလည်း ယခုအစိုးရကဲ့သို့ ပင် ‘ငြိမ်းချမ်းရေး’ ဟု သုံးနှုန်းထားသည်။

     

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,500SubscribersSubscribe
    spot_img

    Latest posts