spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်း၆၄ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကျင်းပ

    ၆၄ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကျင်းပ

    -

    မိလယီထော – ၆၄ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေ ဘုရားသုံးဆူမြို့နယ်၊ ဗလဲ့ဒွန်းဖိုက်စခန်း၌ သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၇ နာရီတွင် ကျင်းပခဲ့သည်။

    ယင်းအခမ်းအနားတွင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၅ တပ်ရင်းဂုဏ်ပြုတပ်ဖွဲ့မှ သေနတ်သံ ၂၁ ချက်ဖေါက်ပြီး အခမ်းအနားဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

    မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင် နိုင်ရွှေသိန်း သဘာပတိမိန့်ခွန်းပြောကြားနေစဉ် ( ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
    မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင် နိုင်ရွှေသိန်း သဘာပတိမိန့်ခွန်းပြောကြားနေစဉ် ( ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

    သဘာပတိအဖြစ် မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ရွှေသိန်း၊ အဖွဲ့ဝင်အဖြစ် ဗလဲ့ဒွန်းဖိုက်ကျောင်းထိုင်ဆရာတော်၊ MNLA အမှတ် ၅ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး M-စိုက်ချမ်း၊ အခမ်းအနားမှူးအဖြစ် ဘုရားသုံးဆူမြို့နယ်ဥက္ကဌ နိုင်ထောရွတ် တို့ဆောင်ရွက်ခဲ့ပြီး ဒေသခံများနှင့် ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

    အမှတ် ၅ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး M-စိုက်ချမ်းက မွန်ပြည်သစ်ပါတီဗဟို၏ ၆၄ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ထုတ်ပြန်ကြေညာချက်နှင့် မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး နိုင်ထောမွန် ပေးပို့သော သဝဏ်လွှာတို့ကို၄င်း၊ အခမ်းအနားမှူး နိုင်ထောရွတ်က တော်လှန်ရေးကာလတလျှောက် ကျဆုံးပါတီဝင်စာရင်းနှင့် ယခုနှစ်တော်လှန်ရေးဇွဲဆုရရှိသူများစာရင်းကို ဖတ်ကြားခဲ့သည်။

    “မွန်အမျိုးသားတို့၏ ရည်မှန်းချက်ပန်းတိုင် မရောက်ရှိသေးမီ (ဝါ) နိုင်ငံရေးအရငြိမ်းချမ်းစွာမဖြေရှင်းနိုင်သေးသဖြင့် မွန်အမျိုးသားတို့၏တော်လှန်ရေးပန်းတိုင် ခရီးပြီးဆုံးသည်အထိ ချီတက်နေရဦးမည် ဖြစ်သည်။ ထို့ကြောင့် မွန်အမျိုးသားတရပ်လုံးနှင့် မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့သည် ဇွဲဝီရိယ၊ သတ္တိ၊ ညီညွတ်မှုခိုင်မာစွာဖြင့် ပကတိအခြေအနေကိုသုံးသပ်ပြီး မဟာမိတ်အင်အားစု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဒီမိုကရေစီအင်အားစုများ၊ နိုင်ငံတကာနှင့်အတူပူးပေါင်းပါဝင်သွားကြရန် တော်လှန်ရေးနေ့တွင်တိုက်တွန်းလိုပါကြောင်း” စသည်ဖြင့် ထုတ်ပြန်ကြေညာချက်တွင် ဖေါ်ပြထားသည်။

    ထို့အပြင် “မွန်ပြည်သစ်ပါတီအနေဖြင့် ထပ်မံတောင်းဆိုလိုသည်မှာ မွန်အမျိုးသားရေးရာအဖွဲ့ချုပ် (Mon Affairs Union) ၏ဦးဆောင်မှုဖြင့် မွန်အမျိုးသားတရပ်လုံးညီညွတ်မှုကိုတည်ဆောက်စေလိုကြောင်း၊ မွန်အမျိုးသားရေးရာအဖွဲ့ချုပ် (MAU) အား ၂၀၀၈ ခုနှစ်မှစတင်ဖွဲ့စည်းခဲ့ရာတွင် ပြည်တွင်းမှမွန်အမျိုးသားဒီမိုကရေစီအဖွဲ့နှင့် မွန်အသင်းအဖွဲ့များ၊ တော်လှန်ရေးနယ်မြေတွင် မွန်ပြည်သစ်ပါတီနှင့် လက်အောက်ခံအသင်းအဖွဲ့များ၊ ထိုင်းနိုင်ငံရှိ မွန်အမျိုးသားညီညွတ်ရေးအဖွဲ့ (Mon Unity League) နှင့် အသင်းအဖွဲ့များ၊ အမေရိကန်၊ ကနေဒါ၊ သြစတေလျနှင့် ဥရောပနိုင်ငံရောက် မွန်တိုင်းရင်းသားများ ပါဝင်လျှက်ရှိသည်” ဟု ဖေါ်ပြပါရှိသည်။

    မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ အမှတ် ၅ တပ်ရင်းဂုဏ်ပြုတပ်ဖွဲ့မှ အခမ်းအနားဖွင့်လှစ်ရန် သေနတ်သံ ၂၁ ချက်ဖေါက်နေစဉ် (ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )
    မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ အမှတ် ၅ တပ်ရင်းဂုဏ်ပြုတပ်ဖွဲ့မှ အခမ်းအနားဖွင့်လှစ်ရန် သေနတ်သံ ၂၁ ချက်ဖေါက်နေစဉ် (ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

    မွန်အမျိုးသားရေးရာ (MAU) အနေဖြင့်လည်း အထက်ပါအင်အား ၄ ရပ်မှအမြင်များကိုပေါင်းစုပြီး “ကျွနု်ပ်တို့မွန်အမျိုးသားရေးပန်းတိုင်ဆိုသည်မှာ လွယ်လင့်တကူ ရယူနိုင်သောအရာမဟုတ်ပါ။ သွေးထွက်သံယိုမှုများ၊ မိသားစုခွဲခွါကွေကွင်းမှုများ အခက်အခဲမျိုးစုံကို ဖြတ်သန်းခဲ့ကြရပြီး အောင်မြင်မှုအသီးအပွင့် အတော်အတင့်ရရှိခဲ့သော်လည်း အထွဋ်အထိပ်ပန်းတိုင်သို့ ရောက်ရှိရန်ကိုမူ မွန်တမျိုးသားလုံး၏ ညီညွတ်ခြင်း၊ သည်းခံခြင်း၊ အပြစ်ခွင့်လွှတ်ခြင်းများကို ဖြည့်ဆည်းတည်ဆောက်ရပြီး မွန်အမျိုးသားတိုင်း အမျိုးသားရေးပန်းတိုင်သို့ မိမိတို့နှင့် ထိုက်သင့်သည့် နေရာအတွင်းမှပါဝင်၍ အမျိုးသားရေးတာဝန်ကို ပါဝင်ထမ်းရွက်တာဝန်ယူကြပါစို့” ဟု ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါသည်။

    ကောဇာသက္ကရာဇ် ၁၃၁၀ ခု၊ ဝါခေါင်လပြည့်နေ့ (၁၉၊၈၊ ၁၉၄၈) ၌ မွန်လူငယ်တစ်စု ဘားအံမြို့နယ်၊ ဇာသပြင်ရွာရဲစခန်းကို လက်နက်ဝင်ရောက်လုယူသဖြင့် တိုက်ခိုက်မှုစတင်ဖြစ်ပွားသည့်နေ့အား မွန်တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ကြသည်။

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks