spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းပဲခူးတွင် စံချိန်တင် မြစ်ရေကြီးမှုကြောင့် လယ်ယာမြေ ပျက်စီးမှု ပမာဏကြီးမား

    ပဲခူးတွင် စံချိန်တင် မြစ်ရေကြီးမှုကြောင့် လယ်ယာမြေ ပျက်စီးမှု ပမာဏကြီးမား

    -

    ရိုင်မရော့၊ လွတ်လပ်သော မွန်သတင်းအေဂျင်စီ – ပဲခူးမြစ်ရေ ၄၇ နှစ်အတွင်း အမြင့်ဆုံး စံချိန်တင် မြင့်တက်မှုကြောင့် လယ်ယာမြေ စိုက်ပျိုးမှု အကြီးအကျယ် ပျက်စီးဆုံးရှုံး မှုရှိနေကြောင်း ဒေသခံ လယ်သမားများက ပြောသည်။

    ၄၇ နှစ်အတွင်းပဲခူးမြစ်ရေအမြင့်ဆုံးစံချိန်တင်မြင့်တက်မှုကြောင့်အဝေးပြေးကားလမ်းမပေါ်ရေဖြတ်ကျော်နေပုံ
    ၄၇ နှစ်အတွင်းပဲခူးမြစ်ရေအမြင့်ဆုံးစံချိန်တင်မြင့်တက်မှုကြောင့် အဝေးပြေးကားလမ်းမပေါ်ရေဖြတ်ကျော်နေပုံ

    ဇူလိုင်လဆန်းပိုင်းမှ စတင်ပြီး ယနေ့တိုင် မိုးဆက်တိုက် သည်းထန်စွာ ရွာသွန်းလျက်ရှိခြင်းကြောင့် ပဲခူးမြို့နယ်အတွင်းရှိ လယ်မြေများ အကြိမ်ကြိမ် ရေလွှမ်းခံထားရသည်။

    “ဒီနှစ်လိုမျိုး ရေကြီးပြီး လယ်တွေ လချီမြုပ်တာ တခါမှ မဆုံဖူးဘူး၊ ဒီနှစ်က အဆိုးဆုံးပဲ အပျက်အစီးလည်း အများဆုံးပဲ” ဟု ပဲခူးမြို့ မွန်စံပြရပ်ကွက်မှ လယ်သမား ဦးသိန်းဝင်းက ပြောသည်။

    ၄င်းလယ်သမားပိုင် လယ်မြေရှိရာ ကမာနတ်ကွင်း တစ်ကွင်းမှာပင် လယ်မြေဧက တစ်ထောင်ကျော်နီးပါး ရေမြုပ် ပျက်စီးလျက်ရှိခြင်းကြောင့် ပဲခူးမြို့နယ်အတွင်းရှိ အခြားသော ရေနစ်မြုပ်လျက်ရှိသည့် ကွင်း (၂၀) ကျော်ကိုပါ ထည့်တွက်လျင် ပျက်စီးမှုပမာဏမှာ အဆပေါင်းများစွာ ရှိနိုင်သည်ဟု ၄င်းလယ်သမားက ခန့်မှန်းသည်။

    ယခုနှစ်တွင် မြစ်ရေလျှံခြင်းနှင့် မိုးများခြင်းကြောင့် လယ်ကွင်းများ ရေမြုပ်ကာ လယ်ယာလုပ်ကိုင်သူများ အကြိမ်ကြိမ် ပြန်လည် စိုက်ပျိုးထားကြရသည်ဟုလည်း လယ်လုပ်ကိုင်သူများက ပြောသည်။

    လယ်သမား ဦးသိန်း၀င်းကပင် “ဒီတစ်ကြိမ်ပါဆို ၄ ကြိမ်ပေါ့၊ နောက်ထပ်တော့ ဘယ်လိုမှ လုပ်ဖို့မဖြစ်တော့ဘူး၊ စပါးစိုက်ချိန်လဲလွန်နေပြီ၊ ရေကလည်း မကျသေးဘူး” ဟု ပြောသည်။

    ယခုနှစ် စပါးအထွက် မျှော်လင့်ချက်မရှိသည့်အတွက် လယ်သမားများ စားနပ်ရိက္ခာအကြပ်အတည်းနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်းလည်း သူကပြောသည်။

    “နွေတုန်းက ပဲစိုက်တော့လည်း မိုးရွာချလို့ ပဲသေ ကျန်တဲ့ဟာလည်း ဘယ်သူမှမဝယ်၊ စပါးစိုက်ချိန် ရောက်တော့လည်း ၃- ၄ ခါ ပြန်စိုက် မျိုးတွေဆိုလည်း အကြိမ်ကြိမ်ဝယ်ရ၊ စပါးကမရပြန်တော့ ဒီနှစ် လယ်သမားတွေ ဒုက္ခရောက်တယ်” ဟု လယ်မြေဧက (၃၀) ပိုင်ဆိုင်သူ နယ်ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

    ပဲခူးမြို့နယ်အတွင်းရှိ လယ်သမားများသည် နွေရာသီတွင် ပဲ စိုက်ပျိုးကြပြီး၊ မိုးရာသီတွင် စပါးစိုက်ပျိုးကြသည်။

    ပဲခူးမြစ်ရေလျှံတက်မှုကြောင့် လယ်မြေများသာမက မြို့ပေါ်ရှိ ရပ်ကွက်များပါ ရေမြုပ်လျက်နေပြီး ရေဘေးဒုက္ခသည် ထောင်နှင့်ချီ ဘုရားနှင့် ဘုန်းကြီးကျောင်းများတွင် ခတ္တခိုလှုံနေကြရသည်။

    “ပဲခူးမြစ်အနောက်ဘက်ခြမ်း ရန်ကုန်ကို သွားတဲ့လမ်းမှာဆို ရေတွေချည်းပဲ ကားတွေဆိုလည်း သွားလာလို့မရဘူး၊ ကျမတို့ရပ်ကွက်ဘက်မှာ ထမင်းလာယူပြီးတော့ ဘုရား၊ ဘုန်းကြီးကျောင်းတွေမှာ ရှိနေတဲ့ ရေဘေးတွေကို ဝေပေးနေတယ်” ဟု စံပြရက်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

    ပဲခူးမြစ်ရေသည် သြဂုတ်လ ၁၀ ရက်နေ့၏ တိုင်းထွာချက်အရ ပဲခူးမြို့တွင် ၉၅၂ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်အထက် ၄၂ စင်တီမီတာ (၁ ဒဿမ ၄ ပေခန့်) ကျော်လွန်နေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks