spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူမြို့ခံ ရာဘာခြံသမားများ ပြန်ပေးလက်မှလွတ်လာ

    ဘုရားသုံးဆူမြို့ခံ ရာဘာခြံသမားများ ပြန်ပေးလက်မှလွတ်လာ

    -

    မိလယီထော – ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့အနီးရှိရာဘာခြံတစ်ခြံမှ ပိုင်ရှင်တစ်ဦးနှင့် ခြံလုပ်သားနှစ်ဦးအား အမည်မသိသေနတ်သမား ၉ ဦးပါအဖွဲ့ကပြန်ပေးဆွဲခဲ့ပြီး ယမန်နေ့တွင်ပြန်လည်လွတ်မြောက်လာကြောင်း ကာယကံရှင်နှင့်နီးစပ်သူများ ပြောပြချက်အရ သိရသည်။

    အဆိုပါခြံသမားတို့သည် ဘုရားသုံးဆူတောင်ဖက်မြို့စွန် ထားဝယ်စုရပ်ကွက်အနီးရှိ ရာဘာခြံပိုင်ရှင် နိုင်မောင် နှင့်အတူခြံလုပ်သားနှစ်ဦး ရာဘာခြံ၌ နေလည်ခင်းအချိန်အလုပ်လုပ်ကိုင်နေစဉ် ပြန်ပေးဆွဲခံရခြင်း ဖြစ်သည်။ ယခုပြန်ပေးသမားများလက်မှ ပြန်လည်လွတ်လာသောအခါ စိတ်ဂယောင်ချောက်ခြားဖြစ်ပြီး ကြောက်လန့်နေကြကြောင်း ရပ်ကွက်ထဲအတူနေ သူ၏မိတ်ဆွေများက ပြောသည်။

    သြဂုတ်လ(၇)တွင် ပြန်ပေးသမားများက ထိုင်းဘတ်ငွေရှစ်သောင်းတိတိတောင်းခံခဲ့သော်လည်း ဘတ်ငွေငါးသောင်းဖြင့်စျေးတည့်ကာ ပြန်လည်လွတ်မြောက်လာရကြောင်း နီးစပ်သူများက ပြောသည်။ သို့သော် ကာယကံရှင်များက ငွေပေးရသည့်ကိစ္စကို ငြင်းဆန်ပါသည်။

    “အဲဒီငွေတောင်းတဲ့အဖွဲ့က ဘုရားသုံးဆူမြို့ပေါ်ရပ်ကွက်မှာရော အနီးအနားကရွာတွေကိုပါငွေတောင်းထားတယ်၊ ရပ်ကွက်ရွာလူကြီးတွေ၊ လုပ်ငန်းအဆင်ပြေတဲ့လူတွေဆီကို အဲဒီငွေတောင်းတဲ့အဖွဲ့က ခဏခဏဖုန်းဆက်လာတယ်၊ သူတို့ကိုငွေထောက်ပံ့ပေးဖို့ပေါ့”

    အဆိုပါပြန်ပေးသတင်းကြောင့် ဘုရားသုံးဆူမြို့ခံ ရာဘာခြံပိုင်ရှင်များ ယခုရက်ပိုင်းတွင် ခြံထဲမသွားရဲကြကြောင်း အမည်မဖေါ်လိုသောခြံပိုင်ရှင်တစ်ဦးက ပြောသည်။

    “ကျနော်တို့ဆီကိုလည်း ငွေတောင်းထားတယ်၊ ငွေလည်းမပေးရဲဘူး၊ သူတို့နဲ့လည်း မဆက်ဆံရဲဘူး၊ အလိုလိုနေရင်း ရဲနဲ့ပြဿနာတက်နေဦးမယ်၊ ဒီနယ်စပ်မှာက ဘာပဲလုပ်လုပ်သတင်းပြန့်မြန်တယ်” ဟု သူကဆက်ပြောသည်။

    ထို့အတူ ယခင်လပိုင်းတွင်လည်း ဘုရားသုံးဆူမြို့အမှတ်(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အဆိုပါအမည်မသိလက်နက်ကိုင်အဖွဲ့ငွေတောင်းခံထားသည်ဟု သတင်းပြန့်နေပြီး ရပ်ကွက်လူကြီးများ မိမိတို့နေအိမ်တွင်နေထိုင်မရဲ ဖြစ်နေကြရသည်။

    ပြီးခဲ့သည့် ဇွန်လအတွင်းတွင် ဘုရားသုံးဆူမြို့ပေါ်သို့ အမည်မသိမျက်နှာဖုန်းစွပ်လက်နက်ကိုင်အုပ်စုမှ နေလည်ခင်းပိုင်းများတွင် ဝင်ရောက်ပစ်ခတ်မှု ၂ ကြိမ်ပြုလုပ်ခဲ့ရာ စရဖဝန်ထမ်းတစ်ဦးအပါအဝင် အရပ်သားများလည်းထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့သည့်အပြင် ရွှေဆိုင်နှင့်ကုန်စုံဆိုင်တစ်ခုလည်း မီးလောင်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ရသည်။(ယခင်သတင်းများတွင် အသေးစိတ်ဖေါ်ပြပြီး)ထိုသို့ ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားစဉ်များအတွင်း မြို့ခံမြန်မာစစ်တပ်၊ ရဲနှင့် ပြည်သူ့စစ်လုံခြုံအဖွဲ့များနှင့် ထိပ်တိုက်ပစ်ခတ်မှုများ လုံးဝမရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

    ဘုရားသုံးဆူနယ်စပ်မြို့သည် ၂၀၁၀ ရွေးကောက်ပွဲကျင်းပအပြီး နောက်တစ်ရက်တွင် နယ်ခြားစောင့်တပ်ဖွဲ့ပြောင်းလဲခြင်းကို လက်မခံသော ဒီကေဘီအေတပ်ဖွဲ့က စတင်ပစ်ခဲ့ရာ မြန်မာစစ်တပ်မှ မြို့လုံခြုံရေးကို အပြည့်အဝတာဝန်မယူနိုင်ခဲ့ပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks