spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမလေးရှားနိုင်ငံတွင် အလုပ်လုပ်ခွင့်ပါမစ်သစ်ပြုလုပ်နေ

    မလေးရှားနိုင်ငံတွင် အလုပ်လုပ်ခွင့်ပါမစ်သစ်ပြုလုပ်နေ

    -

    ကျလွန်းထော – မလေးရှားနိုင်ငံအတွင်း အလုပ်လုပ်ခွင့်ပါမစ်သစ်ကို မလေးရှားရောက် မြန်မာနိုင်ငံလုပ်သမားများ အပါအဝင် နိုင်ငံခြားအလုပ်သမားများ ပြုလုပ်လျှက်ရှိနေပြီဟု သိရသည်။

    တရားမဝင်အလုပ်သမားများအား ဇီဝသွင်ပြင်မှတ်တမ်းတင်စနစ်ဖြင့်မှတ်တမ်းတင်နေပုံ
    တရားမဝင်အလုပ်သမားများအား ဇီဝသွင်ပြင်မှတ်တမ်းတင်စနစ်ဖြင့်မှတ်တမ်းတင်နေပုံ

    ယခုသြဂုတ်လ တစ်ရက်နေ့မှ စတင်၍ တစ်လအတွင်း မလေးရှားအစိုးရမှ ပြုလုပ်ပေးနေသည့် နိုင်ငံအတွင်း အလုပ်လုပ်ခွင့်ပါမစ်သစ်ကို ပြုလုပ်သူအလွန်များလာသည်ဟု ပီနန်မြို့မှ တရားမဝင် သွားရောက်လုပ်ကိုင်နေသည့် ကိုမင်းသိန်းက ပြောသည်။

    “ကျနော် အဲဒီပါမစ်သစ်ကို မနေ့က သွားလုပ်ခဲ့တယ်၊ အလုပ်လုပ်မှာလား၊ ပြန်မှာလားလို့ မေးတယ်၊ အလုပ်လုပ်မယ်ဆိုရင် စည်းထုပေးတယ်၊ ပြန်မယ်ဆိုရင်လည်း ပြန်မယ့်စည်းကို သူတို့ထုပေးမယ်၊ ပြီးရင် လက်ဗွေရာ နှိပ်ရတယ်၊ ဓါတ်ပုံ ၂ ပုံနဲ့အတူ သူဌေးက ထောက်ခံချက်ပေးရတယ်၊ ၅၀၀ ရင်းဂစ်ပေးရတာကို သူဌေးတာဝန်ယူပေးတယ်” ဟု ၄င်းကပြောသည်။

    မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အလုပ်လုပ်ခွင့်ပါမစ်ခ ၃၅၀ ရင်းဂစ်သာ ပေးဆောင်ရမည်ဖြစ်ကြောင်း မလေးရှားတီဗွီသတင်းဌာနများတွင် ကြေငြာခဲ့သော်လည်း နယ်မြို့များတွင် ပွဲစား၊ အေးဂျင့်များမှတဆင့်ပြုလုပ်ပါက ရင်းဂစ် ၅၀၀ အထိပေးဆောင်နေရသည်ဟု သိရသည်။

    လာမည့် ၂၀၂၀ ခုနှစ်အထိ မလေးရှားနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ တိုးမြှင့်ရန် စီမံကိန်းရှိသည့်အတွက် တရားဝင်အလုပ်သမားအများအပြား လိုအပ်လာပြီး လုပ်ငန်းခွင်အဆင်ပြေစေရန်အတွက် အလုပ်လုပ်ခွင့်ပါမစ်သစ်တမျိုးကို ပြုလုပ်ပေးနေခြင်း ဖြစ်သည်။

    အလုပ်လုပ်ခွင့်ပါမစ် ရရှိပြီးနောက် ၆ လတာကာလအတွင်း နိုင်ငံကူးလက်မှတ် (ပတ်စပို့) ပြုလုပ်ရမည်ဖြစ်ပြီး ၄င်းပတ်စပို့ ရရှိသည့်အချိန်တွင် နောက်ထပ် ၂၀၀၀ ရင်းဂစ် ပေးဆောင်ရမည်ဖြစ်သည်။

    “ပတ်စပို့က သက်တမ်း ၂ နှစ်ရမယ်၊ ဒီခြောက်လအတွင်းမှာ အဖမ်းအဆီးမရှိဘူးလို့ ပြောတယ်၊ ၆ လပြည့်လို့ ဘာစာအုပ်မှ မရှိဘူးဆိုရင် ဖမ်းမယ်လို့တော့ ကြေငြာထားတယ်” ဟု အလုပ်လုပ်ခွင့်ပါမစ် ရရှိထားပြီးသူ ကိုအောင်က ပြောသည်။

    မလေးရှားနိုင်ငံအတွင်း အလုပ်လုပ်နေသူ UN ကဒ်ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားများအားလုံးက ၄င်းမလေးရှားအလုပ်လုပ်ခွင့်ပါမစ် ပြုလုပ်ခွင့် မရှိကြောင်းနှင့် UN ကဒ် ကိုင်ဆောင်ထားသူများ ပြဿနာတစ်စုံတစ်ခု ဖြစ်လာပါက UN မှ တာဝန်ယူပေးမည်ဟု ထုတ်ပြန်ထားကြောင်း မလေးရှားနိုင်ငံ ကွမ်လလမ်ပူမြို့မှ မြန်မာအလုပ်သမားရေးရာ ကူညီဆောင်ရွက်ပေးနေသူ ကိုမင်းသုမွန်က ပြောသည်။

    မလေးရှားနိုင်ငံရောက် နိုင်ငံခြားသားအလုပ်သမားများ
    မလေးရှားနိုင်ငံရောက် နိုင်ငံခြားသားအလုပ်သမားများ

    “ကုမ္ပဏီမှာ လုပ်နေတဲ့ အလုပ်သမားတွေက ဒီ Work permit ကိုလုပ်တာများတယ်၊ အချို့လုပ်ငန်းအသေးစားလုပ်ကိုင်နေသူတွေကြတော့ ထောက်ခံပေးမယ့်သူ မရှိတော့ မလုပ်ချင်ကြဘူး” ဟု ကိုမင်းသုမွန်က ဆက်ပြောသည်။

    “ကျနော်အဲဒီပါမစ်ကဒ် မလုပ်ရဲဘူး၊ ကျနော့်တို့ကို ထောက်ခံပေးမယ့် သူဌေးမရှိဘူး၊ မွန်ဒုက္ခသည်ကဒ်ပဲ သွားလုပ်တော့မယ်၊ ပိုက်ဆံနည်းနည်းပါးပါးပဲ ကုန်တယ်” ဟု တရားမဝင် ကြွေပြားခင်း အလုပ်သမားမိသားစုက ပြောသည်။

    ထို့အပြင် မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာ တိုင်းရင်းသားဒုက္ခသည်အဖွဲ့အစည်း၏ ကဒ်များ ကိုင်ဆောင်ထားသူများလည်း ၄င်းအလုပ်လုပ်ခွင့်ပါမစ်ကို ပြုလုပ်ရမည်ဖြစ်ကြောင်း၊ မပြုလုပ်ပါက မလေးရှားအာဏာပိုင်များ ဖမ်းဆီးခွင့်ရှိသည်ဟု ကိုမင်းသုမွန်က ဆက်ပြောသည်။

    မလေးရှားအစိုးရမှ ပြုလုပ်ပေးသည့် အလုပ်လုပ်ခွင့်ပါမစ်နှင့် နိုင်ငံကူးလက်မှတ် (ပတ်စပို့) ပြုလုပ်သူများသည် နိုင်ငံတကာ အလုပ်သမားများ ခံစားခွင့် ဥပဒေအတိုင်း ခံစားခွင့်ရှိပြီး တရားဝင် လာရောက်လုပ်ကိုင်သည့် နိုင်ငံခြားသားအလုပ်သမားများနည်းတူ အခွင့်အရေး အကျိုးထူးများခံစားရမည်ဖြစ်ကြောင်း ကြေငြာထားသည်။

    တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများ အတွက် တရား၀င်မှတ်ပုံတင်နိုင်မည့် “6P” အစီအစဉ်ကို ပြည်ထဲရေး ၀န်ကြီးဌာနက သြဂုတ်လ ၁ ရက်နေ့တွင် စတင်အကောင်ထည်ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။ 6P အစီအစဉ်တွင် မှတ်ပုံတင်ခြင်း၊ တရား၀င် အလုပ်လုပ်ခွင့်ပြုခြင်း၊ ခွင့်လွှတ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ ဥပဒေစည်းကမ်းအတိုင်း လိုက်နာစေခြင်းနှင့် လျှောက်ထားမှု မပြုလုပ်သော တရားမ၀င် အလုပ်သမားများကို နေရပ်ရင်းပြန်ပို့ခြင်း လုပ်ငန်းများပါ၀င်သည်။

    မလေးရှားတွင် တရား၀င်အလုပ်သမား ၂ သန်းခန့်၊ တရားဝင် ၂ သန်းခန့်အလုပ်လုပ်ကိုင်လျှက်ရှိသည်ဟု အလုပ်သမားအရေးဆောင်ရွက်ကြသူများခန့်မှန်းထားပြီး မြန်မာအလုပ်သမား သိန်းနှင့်ချီ၍ လာရောက် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks