spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းပြည်တွင်းငြိမ်းချမ်းရေးကိစ္စ လွှတ်တော် တင်ပြရန် ညီနောင် ၅ ပါတီ သဘောထားထုတ်ပြန်

    ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ လွှတ်တော် တင်ပြရန် ညီနောင် ၅ ပါတီ သဘောထားထုတ်ပြန်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – သြဂုတ်လ ၂၂ ရက်နေ့၌ ကျင်းပမည့် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေး၌ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တင်ပြရန် တိုင်းရင်းသား ညီနောင် ၅ ပါတီက ယနေ့ တွေ့ဆုံမှုအပြီးတွင် ထုတ်ပြန် ကြေငြာလိုက်သည်။

    ညီနောင် ၅ ပါတီက အချက် (၄) ချက်ပါ သဘောထားကြေငြာချက် ထုတ်ပြန်ရာတွင် အစိုးရသစ်မှ လိုအပ်သော ငြိမ်းချမ်းရေးအခြေအနေ ကို ပြီးပြည့်စုံအောင် အစဉ်တစိုက် ဆောင်ရွက်ပေးရန်၊ အပစ်ခတ်ရပ်စဲကြောင်း ကြေညာချက်ထုတ်ပေးရန်၊ ငြိမ်းချမ်းရေးကော်မတီ တရပ်ဖွဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေး အတွက် ဆွေးနွေးပွဲပြုလုပ်ရန်၊ စစ်ပြေးဒုက္ခသည်များ အတွက် အစိုးရ၊ ပြည်တွင်းပြည်ပ ပရဟိတအဖွဲ့များနှင့် အလှူရှင်များက ထောက်ပံ့ရန် ဆိုသည့် အချက်များ ပါ၀င်သည်။

    “လာမယ့် လွှတ်တော်မှာ အခု တိုင်းရင်းသား ဒေသဘက်မှာ ဖြစ်နေတဲ့ ပြည်တွင်းစစ် ငြိမ်းသွားဖို့ တပြည်လုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးတယ်။ အဲဒါ လွှတ်တော်မှာ အဓိကတင်ပြမယ့် အချက်တွေပေါ့” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

    တိုင်းရင်းသား ညီနောင် ၅ ပါတီ ၏ တွေ့ဆုံပွဲတွင် လေ့လာသူ အနေဖြင့် ကယန်းအမျိုးသား တိုးတက်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဓိက ဆွေးနွေးခဲ့သည်။

    ပြည်တွင်းငြိမ်းရေး အတွက်သာမက တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် သောင်းချီ တိမ်းရှောင် နေရမှုအပေါ် ကူညီထောက်ပံ့သွားရန်လည်း မေတ္တာရပ်ခံထားသည်။

    “စစ်ပြေးဒုက္ခသည်ကိစ္စအတွက် လူသားချင်းစာနာတဲ့အနေနဲ့ ကူညီဖို့ အစိုးရ ပြည်တွင်း ပြည်ပ ပရဟိတ၊ အန်ဂျီအိုတွေကို မေတ္တာရပ်ခံတာ ဘာလို့လဲဆိုတော့ ဒီလို တဘက်နဲ့ တဘက်ကြား ပစ်ခတ်မှုကြောင့် ဒေသခံတွေ အတော်ဒုက္ခရောက်နေကြတယ်၊ ကျနော်တို့ဆို အလှူငွေကောက်ခံပြီး လှူတာရှိသလို ဆက်ပြီးတော့လည်း ကောက်ခံ လှူသွားဖို့ ရှိတယ်” ဟု ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်က ပြောသည်။

    နိုင်ငံတော်ဖက်မှ အငြိမ်းစား ပင်စင်လစာ တိုးမြှင့်ခြင်းကိစ္စ၊ ဆင်းရဲမွဲတေမှု လျှော့ချရေးစီမံချက် စသည်တို့ စတင် ဆောင်ရွက် လာသည့်အတွက် ဝမ်းမြောက်သလို ဆက်လက် ဆောင်ရွက်ရမည့်အချက် များစွာ ကျန်ရှိသေးကြောင်းလည်း ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားသည်။

    ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းချက်သာမက ငြိမ်းချမ်းရေး လုပ်ဆောင်နေသူ မည်သူမဆိုကို မဆို ညီနောင် ၅ ပါတီအနေနှင့် ကြိုဆို ထောက်ခံပြီးသားဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဒု-ဥက္ကဌ ဦးအုန်းတင်က ပြောသည်။

    ပြည်တွင်းမှာ ဖြစ်ပွားနေသည့် ပြဿနာ အားလုံးသည် အစိုးရနှင့် သက်ဆိုင်နေသည့်အတွက် ညီနောင် ၅ ပါတီမှ ထုတ်ပြန်ထားသည့်အချက်များအပေါ် နိုင်ငံတော် အစိုးရမှ အကောင်အထည် ဖော်ပေးလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ဆက်ပြောသည်။

    ညီနောင် ၅ ပါတီ (Brotherhood Forum) တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီနှင့် ချင်းအမျိုးသားပါတီတို့ ပါဝင်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks