spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းဆွေးနွေးပွဲ အကြောင်း ပြည်သူများကို ဒေါ်စု ရှင်းပြသင့်

    ဆွေးနွေးပွဲ အကြောင်း ပြည်သူများကို ဒေါ်စု ရှင်းပြသင့်

    -

    ရိုင်မရော့ – မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသစ် အလုပ်သမားဝန်ကြီးတို့၏ တွေ့ဆုံဆွေးနွေးမှု အသေးစိတ်ကို ပြည်သူများထံ အသိပေး ဆွေးနွေးမှု မရှိပါက အကျိုးရလာဒ်ကောင်းများ ထွက်ပေါ်နိုင်မည် မဟုတ်ကြောင်း မွန်နိုင်ငံရေးခေါင်းဆောင်များက ပြောသည်။

     ဒေါ်အောင်ဆန်းစုကြည် ( ဓာတ်ပုံ - အင်တာနက် )
    ဒေါ်အောင်ဆန်းစုကြည် ( ဓာတ်ပုံ - အင်တာနက် )

    မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက က “ပြည်သူတွေရဲ့ဆန္ဒ လိုအပ်ချက်တွေကို ပြည်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးရင် ပြည်သူတရပ်လုံး သိအောင် ရှင်းပြ၊ အဲဒါမှ အကျိုးရှိနိုင်မှာ။ ပြည်သူတွေသိအောင် ဘာမှမရှင်းပြ ဒီအတိုင်း တိတ်ဆိတ်သွားရင်တော့ ဘာမှထူးလာမှာ မဟုတ်ဘူး”ဟု ဆိုသည်။

    ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမား ၀န်ကြီးဌာနနှင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးအောင်ကြည်တို့ ယနေ့ ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာ၌ မွန်းလွဲ ၁ နာရီမှ ၂ နာရီ ၁၀ မိနစ် အထိ တွေ့ဆုံ ဆွေးနွေးသည်။ ဆွေးနွေးသည့် အကြောင်းအရာသေးစိတ်ကိုမှု မသိရှိရပေ။

    အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် ယခု တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်ကို ဦးအောင်ကြည်က သတင်းထောက်များသို့ ဖတ်ပြခဲ့သည်။

    ယင်းထုတ်ပြန်ချက်၌ တရားဥပဒေ စိုးမိုးရေး၊ စိတ်၀မ်းကွဲပြားမှု ပပျောက်ရေးနှင့် အများပြည်သူ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း၊ သင့်လျော်သော ရက်တွင် ထပ်မံဆွေးနွေးရန် သဘောတူညီမှုလည်း ပါရှိကြောင်း၊ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး ၂ ဘက်စလုံးက အပြုသဘောရှုမြင်၍ ကျေနပ်အားရမှုရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

    “ရလဒ် မထွက်ဘူးလို့ ပြောလို့မရပါဘူး။ယခင် ၉ကြိမ် ကျနော်တို့ တွေ့ဆုံခဲ့ပြီးကြပါပြီ။ အခု တွေ့ဆုံမှုကတော့ အဲဒီရလဒ်များဖြင့် ပိုမိုကောင်းမွန်တဲ့ရလဒ် ထွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဦးအောင်ကြည်က သတင်းထောက်များအမေးကို ပြန်လည်ဖြေကြား ခဲ့သည်ဟုလည်း ဦးအုန်းကြိုင်က ပြောပြသည်။

    မွန်ပြည်နယ်အတွင်းရှိ မွန် နိုင်ငံရေးသမားဟောင်း တစ်ဦးက “အရင်က တွေ့ဆုံဆွေးနွေးခဲ့တာတွေကို ဒေါ်စုဘက်ကရော အစိုးဘက်ကရော ဘာမှထုတ် ဖော် ပြောဆိုတာမရှိဘူး၊ ပြည်သူကို ဘာမှ အသိပေးတာမျိုးမရှိဘူး၊ အဲဒါ ဘာအကျိုးရှိမှာလဲ၊ အခုလည်း အဲဒီလိုပဲလာမှာပါ”ဟု ပြော သည်။

    ယခု တွေ့ဆုံဆွေးနွေးမှုသည် နိုင်ငံတကာ ဖိအားပေးမှုများ လျော့သွားစေရန် ဟန်ပြ တွေ့ဆုံဆွေးနွေးခြင်းသာ ဖြစ်သည်ဟုလည်း ၄င်းက ဆိုသည်။

    အစိုးရသစ်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ယခုတွေ့ဆုံမှုမှ နိုင်ငံရေး ပြောင်းလဲမှုတချို့ရှိနိုင်သည်ဟု လက်နက်ကိုင် တိုက်ပွဲ၀င်နေသည့် မွန်ပြည်သစ်ပါတီက ပြောသည်။

    “ပြောင်းလဲမှုတချို့တော့ ရှိလာမယ်လို့ မျှော်လင့်တယ်၊ ဒါပေမယ့် သိပ်ပြီး ထူးခြားလိမ့်မယ်လို့ မထင်ဘူး”ဟု မွန်ပြည်သစ်ပါတီ ဗဟို အလုပ်မှုဆောင် တစ်ဦးက ပြောသည်။

    ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ထိ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ၉ ကြိမ်တွေ့ဆုံခဲ့ပြီး အစိုးရသစ် တက်လာပြီး နောက် ပထမဆုံးအကြိမ်အဖြစ် ယခု တွေ့ဆုံခြင်းဖြစ်သည်။

    ဦးအောင်ကြည်သည် ယခင် စစ်အစိုးရလက်ထက်က ဆက်ဆံရေး ၀န်ကြီး အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သော်လည်း ယခု တွေ့ဆုံရာတွင်မည်သည့် တာ၀န် အဆင့်ဖြင့် တွေ့ဆုံသည်ကို ရှင်းလင်းစွာမသိရှိရပေ။

    ဒေါ်အောင်ဆန်းစုကြည်က အများပြည်သူ ကောင်းကျိုးဖြစ်စေမည်ဆိုလျှင် မည်သူနှင့်မဆို ဆွေးနွေးရန် အသင့်ရှိကြောင်း ပြောဆို သည်ဟု သိရသည်။

     

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks