spot_img
Sunday, October 12, 2025
More
    spot_img
    Homeသတင်းမွန်အမျိုးသားနေ့ ကျင်းပရေးကော်မီတီ (ဗဟို) မှ ဝါဆိုသင်္ဃန်းကပ်လှူ

    မွန်အမျိုးသားနေ့ ကျင်းပရေးကော်မီတီ (ဗဟို) မှ ဝါဆိုသင်္ဃန်းကပ်လှူ

    -

    ဂျူရီချိုင်း –  မွန်အမျိုးသားနေ့ကျင်းပရေးကော်မီတီ (ဗဟို) မှ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်ကဗွီးရွာ ဘုန်းတော်ကြီးကျောင်း၌ ဇူလိုင်လ ၁၂ ရက်နေ့တွင် ဝါဆိုသင်္ဃန်းကပ်လှူပူဇော်ပွဲပြုလုပ်ခဲ့သည်ဟု သိရသည်။

    ၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ( ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
    ၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ( ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

    အဆိုပါ ဝါဆိုသင်္ဃန်းကပ်လှူပွဲ၌ မွန်အမျိုးသားနေ့ကျင်းပရေးကော်မီတီ (ဗဟို) မှ နာယက နိုင်တင်အောင်၊ ဒုဥက္ကဌများ ဖြစ်ကြသော ဒေါက်တာမင်းကြည်ဝင်း၊ ဒေါက်တာမင်းစိုးလင်းနှင့် မွန်စာပေယဉ်ကျေးမှုကော်မီတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

    ထိုဝါဆိုသင်္ဃန်း ကပ်လှူပူဇော်ပွဲ၌ မုဒုံမြို့နယ်ရှိ တိုက်နယ် ၁၁ တိုက်မှ သံဃာတော်ဆရာတော်နှစ်ပါးစီ ပင့်လျှောက်ခဲ့ပြီး အနီးအနား ပတ်ဝန်းကျင်ရွာမှ ဘုန်းတော်ကြီးများလည်း ပါရှိကြသည်ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

     

    “မုဒုံမြို့နယ်မှာဆိုရင် ၃ ကြိမ်မြောက် ကျင်းပတာဖြစ်တယ်၊ အထူးသဖြင့် ဒီနှစ်ကျတော့ ပျံလွန်တော်မူခဲ့တဲ့ ဆရာတော်ဘဒ္ဒန္တဣန္ဒကနေရာကို အခြားဆရာတော်တပါးပါးက တာဝန်ယူပေးဖို့လျှောက်ထားပန်ကြားခဲ့ပါတယ်” ဟု သူကကဆက်ပြောသည်။

    မုဒုံမြို့နယ်၊ ကမာဝက်ကျေးရွာ၊ လဝီမာန်ထောကျောင်းမှ သက်တော် ၇၅ နှစ်အရွယ်ရှိ ဆရာတော် ဘဒ္ဒန္တ ဣန္ဒကသည် မုဒုံမြို့နယ်၊ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုဥက္ကဌ ဖြစ်ခဲ့ပြီး လွန်ခဲ့သည့် ဇွန်လ ၁၅ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။

    “မွန်အမျိုးသားတွေရဲ့ လက်ရှိအခြေအနေအရပ်ရပ်ကို ကျနော် သုံးသပ်တင်ပြခဲ့ပါတယ်၊ မွန်စာပေ သင်ကြားရေးကိစ္စကို ပိုမိုတိုးတက်များပြားစေဖို့ ဘယ်လိုမျိုးဆောင် ရွက်သင့်တယ်ဆိုတဲ့ အကြောင်းတွေပါပဲ ” ဟု နာယက နိုင်တင်အောင်က ပြောသည်။

    မွန်အမျိုးသားတို့၏ အခွင့်အရေးဆိုင်ရာများ၊ အပစ်အရပ်စဲထားသည့်ကာလမှ ယနေ့အထိ ရုန်းကန်လှုပ်ရှားနေရဆဲဖြစ်သည့် အကြောင်းအရာများနှင့် နိုင်ငံရေးပြဿနာကို ညှိနှိုင်းဆွေးနွေးဖြေရှင်းနိုင်မည့်နည်းလမ်းများအား ဝိုင်းဝန်း ကြိုးစားအားထုတ်သွားရန် တိုက်တွန်းပြောကြားခဲ့သည်ဟု သူက ဆက်ပြောသည်။

    မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ(ဗဟို)သည် ပြည်တွင်းဒေသအသီးသီးရှိ မြို့နယ်၊ကျေးရွာများမှ မွန်အမျိုးသားနေ့ကျင်း ပရေးကော်မတီ များဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့သောလူမှုအဖွဲ့အစည်းတရပ်ဖြစ်ပြီး အမျိုးသားနေ့ကျင်းပရေး လုပ်ငန်းစဉ်များကို ဦးဆောင်ချမှတ်ပေးနေခြင်းဖြစ်သည်။

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,400SubscribersSubscribe
    spot_img

    Latest posts