spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းပြည်သူ့ဆန္ဒမပါသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများကိုတင်မြောက်

    ပြည်သူ့ဆန္ဒမပါသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများကိုတင်မြောက်

    -

    ဟောင်ဒိန်း – မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ပြည်သူလူထုမှ တိုက်ရိုက်ရွေးချယ်ခြင်းမဟုတ်ပဲ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကို ရွေးချယ်တင်မြောက်နေကြောင်း ဒေသခံပြည်သူများမှ သိရသည်။

    မြို့နယ်အုပ်ရေးမှူးမှဦးစီးကာ ရပ်ရွာအတွင်းရှိ ဝန်ထမ်းနှင့်တကွ ၄င်းတို့့အသိုင်းအဝိုင်းနှင့် နီးစပ်သည့် ရပ်မိ ရပ်ဖ လူအနည်းစုတို့ကိုခေါ်ယူကာ ကျေးရွာအတွင်း ပြည်သူတို့၏ဆန္ဒမပါပဲ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများကို ရွေးချယ်တင်မြောက်နေသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စည်းရုံးရေးဆင်းနေစဉ် ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စည်းရုံးရေးဆင်းနေစဉ် ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

    “မုဒုံမြို့နယ်ထဲမှာတော့ နှစ်ရွာ ရွေးထားပြီးပြီ၊ ရွာငယ်တွေပဲ စရွေးတာ ရွာအကြီးတွေကျတော့ တစ်ရွာမှ မချပေးရသေးဘူး၊ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်မှ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့တွေက ဖယ်ဒိုရွာကိုဆင်းလာတယ်၊ အစိုးရဝန်ထမ်းတွေ ပြီးတော့ သူတို့နဲ့ နီးစပ်တဲ့ ရပ်မိ ရပ်ဖ အယောက် ၂၀ လောက်ကို အစည်းအဝေးခေါ်တယ်၊ သူတို့က ဥက္ကဌ တင်မြောက်ပေးဖို့ အရင်ဥက္ကဌဟောင်းက အမည်တင်ထားတဲ့ လူတယောက်နဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ကတယောက် နှစ်ယောက်လျာထားတယ်၊ အစည်းအဝေးတက်တဲ့လူတွေရဲ့ ဆန္ဒကိုသာ မေးတယ်” ဟု မွန်ပြည်နယ်၊ မုဒုံမြို့နယ် ဖယ်ဒိုရွာခံတစ်ဦးက ပြောသည်။

    ယခင်ကျေးရွာဥက္ကဌဟောင်းများသည် စစ်အစိုးရလက်ထက်ကတည်းက ခန့်ထားသူများဖြစ်ပြီး ၄င်းတို့မှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် သို့မဟုတ် ထိုပါတီအား ထောက်ခံသူများဖြစ်လေသည်။ ၄င်းတို့ အမည်ပေးလိုက်သည့် ကျေးရွာအုပ်ချုပ်ရေးလောင်းများမှာလည်း ကြံ့ခိုင်ရေးပါတီနှင့် နီးစပ်သူများဖြစ်သည်။

    ရွေးကောက်ပွဲမစီစဉ်ပဲ သူတို့လူနည်းစုတို့၏ဆန္ဒအတိုင်း အရင်ဥက္ကဌဟောင်းမှ တင်ပြထားသည့် နိုင်အောင်ကြည်ဆိုသူကို ရွေးချယ်လိုက်သည်။ သို့သော်လည်း နိုင်အောင်ကြည်ဆိုသူက လက်မခံကြောင်း ငြင်းဆိုထားသည့်အတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ နိုင်လှမောင်ဆိုသူကို တင်မြောက်ရန် သဘောတူလိုက်ရသည်ဟု ၄င်းဖယ်ဒိုရွာခံက ပြောသည်။

    ချောင်းဆုံမြို့နယ်ဘက်မှာလည်း ယခုကဲ့သို့ ရွေးကောက်ပွဲမစီစဉ်ပဲ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သည့် လူနည်းစုတို့၏ ဆန္ဒဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးကို ရွေးချယ်တင်မြောက်နေကြောင်း ဒေသခံတွေက ပြောသည်။

    ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြှောက်ရာတွင် ပြည်သူတို့၏ ဆန္ဒအလျှောက် ရွေးကောက်ပွဲကျင်းပကာ ရွေးချယ်တင်မြှောက်စေလိုကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက သဘောထားထုတ်ပြန်ထားသည်။

    မြို့နယ်အုပ်ချုပ်ရေးမှူးမှ ရွေးချယ် ခန့်အပ်ပါက ပြည်သူများ မျှော်မှန်းထားသည့်အတိုင်း ဖြစ်မလာနိုင်သည့်အပြင်၊ လက်ရှိ ကျေးရွာများအတွင်း အုပ်ချုပ်နေသူ အများစုကိုလည်း ပြည်သူများက သဘောမကျသည့်အတွက် အပြောင်းအလဲကို လိုလားကြကြောင်း ဒေါက်တာမင်းနွယ်စိုးက လွတ်လပ်သော မွန်သတင်းအေဂျင်စီကို ပြောခဲ့ဘူးသည်။

    ထို့ပြင် ယခင်အစိုးရလက်ထက်၌ ကျေးရွာဥက္ကဌ ရွေးချယ်ရာ၌ ဥက္ကဌကောင်းအမည်စာရင်းအား ရပ်ကွက်/ကျေးရွာအုပ်စု သံဃနာယကအဖွဲ့မှ ဆရာတော်များထံ တင်ပြလျှောက်ထား၍ သဘောထားရယူခြင်း၊ ရွေးချယ်ရာတွင် ဥက္ကဌလောင်း ၃ ဦးနှင့် အရန် ၃ ဦး လျာထားခြင်း ၄င်းတို့အထဲမှ တဦးကို ဥက္ကဋ္ဌအဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ရွေးချယ် တာဝန်ပေးရသည်။

    သို့သော် ယခင်ကတည်းက ယင်းလုပ်ထုံးလုပ်နည်းများဖြင့် ရွေးချယ်ခြင်းမရှိခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးဌာန သို့မဟုတ် စစ်တပ်အသိုင်းအဝိုင်းကသာ ၄င်းတို့ ကြိုက်နှစ်သက်ရာ ဥက္ကဌကို ရွေးချယ်ကြသည်။

    ရပ်ကွက် ကျေးရွာအုပ်ချူပ်ရေးမှူး အရည်အချင်း သတ်မှတ်ချက် ၁၀ ချက်ကိုလည်း နိုင်ငံဝန်ထမ်းများအတိုင်း သတ်မှတ်ထားသည်။ ၄င်းတို့တွင် မည်သည့်နိုင်ငံရေး အဖွဲ့အစည်းတွင်မှ ပါဝင်ခဲ့သူ မဖြစ်စေရ၊ အစိုးရအဖွဲ့ အဆက်ဆက်တွင် နေရာယူခဲ့ကြသော ပွဲလန့်ဖျာခင်းသူများ မဖြစ်စေရ၊ မြို့နယ်အဖွဲ့အစည်းသို့ ချဉ်းကပ်၍ အခွင့်အရေးကို လက်ဦးမှု ရရှိတတ်သူများ မဖြစ်စေရ၊ ပြစ်မှုကျူးလွန်သူများ ပြစ်ဒဏ်ကျခံရသူများ ဆိုးသွမ်းသူများနှင့် ရပ်ရွာလူထု၏ ကြည်ညိုလေးစားမှု မရှိသူများ မဖြစ်စေရ စသော အချက်များ ပါဝင်သည်။

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks