Friday, March 14, 2025
spot_img
Homeသတင်းထိုင်းနိုင်ငံသား မွန်လူမျိုးများ ရှေ့လ ရွေးကောက်ပွဲ မဲထည့်ရန်တက်ကြွနေ

ထိုင်းနိုင်ငံသား မွန်လူမျိုးများ ရှေ့လ ရွေးကောက်ပွဲ မဲထည့်ရန်တက်ကြွနေ

-

မိလရီထော – လာမည့်ဇူလိုင်လ ၃ ရက်နေ့တွင် ကျင်းပမည့် ထိုင်းနိုင်ငံရွေးကောက်ပွဲ၌ ကန်ချနပူရီခရိုင်အတွင်း မကြာမီကာလက ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံခဲ့ရသူများ ပထမအကြိမ် ဆန္ဒမဲထည့်ခွင့် ရရှိကြသဖြင့် စိတ်ဓါတ်တက်ကြွနေကြသည်ကို တွေ့ရှိရသည်။

ဒီမိုကရက်ပါတီ(Democrat Party)
ဒီမိုကရက်ပါတီ(Democrat Party)

မွန်တိုင်းရင်းသားအများစု နေထိုင်ကြသည့် ကန်ချနပူရီခရိုင်တွင် ဖွေ့ထိုင်းပါတီ (Pheu Thai Party)၊ လက်ရှိအာဏာရ ဒီမိုကရက်ပါတီ(Democrat Party)၊ ဘွန်ဂျိုင်ထိုင်းပါတီ (Pheum Jai Thai Party) ၃ ပါတီမှ အဓိက ယှဉ်ပြိုင်ကြမည်ဟုသိရသည်။

မြန်မာနိုင်ငံ ၂၀၁၀ ရွေးကောက်ပွဲ၌ တရားဝင် မွန်အမျိုးသားကိုယ်စားပြုပါတီ တည်ရှိသော်လည်း ထိုင်းနိုင်ငံ၌ နိုင်ငံသားမွန်လူမျိုးအတွက် မဲထည့်ရမည့် မွန်အမျိုးသားကိုယ်စားပြု နိုင်ငံရေးပါတီ မရှိခဲ့ပေ။

“ကျနော်မဲပေးမယ့်ပါတီက ပြည်သူတွေအတွက် အနာဂတ်နိုင်ငံရေးကို ဦးဆောင်နိုင်မယ့်သူလို့ ယုံကြည်တယ်၊ ဒီပါတီကလည်း ၈၀ ရာနှုန်းလောက် အနိုင်ရလိမ့်မယ်လို့ မျှော်လင့်တယ်” ဟု မဲဆန္ဒပေးခွင့်ရသူ အသက် ၄၀ နှစ်ရှိ မိရှင် ဆိုသူက မွန်ဘာသာဖြင့်ပြောသည်။ သို့ရာတွင် မည်သည့်ပါတီအား သူမ မဲပေးမည်ကို ထုတ်ဖေါ်ပြောဆိုခြင်း မပြုပေ။

ထိုင်းနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများအပြင် သဘာဝဘေးဒဏ်များဖြစ်ပေါ်ခဲ့မှုကြောင့် ကုန်စျေးနှုန်းမြင့်တက်လာပြီး စီပွားရေးဂယက်ရိုက်ခတ်မှုဖြစ်ပေါ်နေသည်။ ထို့ကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံစီးပွားရေး တိုးတက်မြင့်မားရေးအတွက် ဦးဆောင်နိုင်သည့် နိုင်ငံခေါင်းဆောင်များ လိုအပ်နေသည်ဟု ဆန္ဒမဲသူတို့က ပြောကြားပါသည်။

“ကျမတို့မဲဆန္ဒရှင်တွေကတော့ အစိုးရကောင်းကိုပဲ လိုချင်တယ်၊ လူထုအကျိုးကို ဆောင်ရွက်မယ်၊ ဆင်းရဲသားတွေကို ကူညီမယ်၊ ရပ်ရွာတိုးတက်အောင် လုပ်ပေးမယ့်ပါတီကိုပဲ မဲပေးမှာ” ဟု မိဒိအေး ဆိုသူမဲဆန္ဒရှင်က ပြောသည်။ သို့ရာတွင် မည်သည့်ပါတီအား မဲပေးမည်ကို သူမ မပြောဆိုခဲ့ပေ။

အထူးသဖြင့် မဲဆန္ဒရှင်အများစုမှာ လှို့ဝှက်မဲပေးကြရသဖြင့် မည်သည့်ပါတီအား မိမိတို့ မဲပေးကြမည်ကို ပုဂ္ဂိုလ်ရေးအရ ထုတ်ဖေါ်မပြောဆိုကြပဲ လှို့ဝှက်ထားကြသည်။ သို့ရာတွင် ကန်ချနပူရီခရိုင်မဲဆန္ဒရှင်အများစုမှာ လက်ရှိဝန်ကြီးချုပ် အဖိစစ်ဝေ့ချာချီဝ ဥ႘းဆောင်သည့် ဒီမိုကရက်ပါတီကို ထောက်ခံသူများရှိသကဲ့သို့ ဝန်ကြီးချူပ်ဟောင်း တက်ဆင်၏ ညီမမှ ဦးဆောင်သည့် ဖွေ ့ထိုင်းပါတီအား ထောက်ခံမည့်သူများ ရှိနေသည်ဟု သိရပါသည်။

ကန်ချနပူရီခရိုင်၌ ကျောင်းသားလူငယ်ထုအတွင်း မူးယစ်ဆေးဝါးသုံးစွဲနေမှုများပြားနေခြင်းကြောင့် မိဘအုပ်ထိန်းသူများ ပူပန်သောကရောက်နေကြရခြင်း၊ ရာဇဝတ်မှုထူပြောခြင်း၊ နိုင်ငံရေးသမားများနှင့် အစိုးရဝန်ထမ်းများ အကျင့်ပျက်ခြစားမှု များပြားနေပြီး လူထုအကျိုးသယ်ပိုးသူ အလွန်နည်းပါးနေကြောင်း ဒေသခံများ ဝေဖန်ပြောဆိုနေကြသည်။

စံခလပူရီမြို့နယ်၊ ဝင်းကရွာမှ မဲဆန္ဒရှင်တဦးဖြစ်သူ နိုင်ဟံသာ ဆိုသူက “ကျနော့အနေနဲ့ ဘယ်ပါတီကိုမှမဲမပေးချင်ဘူး၊ ပါတီတိုင်းလိုလိုရဲ့ အကျင့်သိက္ခာကို သိပ်မယုံကြည်ပါဘူး၊ ဒါပေမယ့် တာဝန်ကျေအောင်ဆိုပြီး မဲပေးရရင်လည်း သွားပေးရတာပေါ့” ပြောသည်။

ထိုင်းဘုရင့်နိုင်ငံတော်၏ အခြေခံဥပဒေအရ ၄ နှစ်တကြိမ်ရွေးကောက်ပွဲ ကျင်းပလေ့ရှိပြီး လွှတ်တော်ကိုယ်စားလှယ်( ၅၀၀) ဦး ရွေးချယ်ကြသည်။ ထိုလွှတ်တော်ကိုယ်စားလှယ်များကို မဲဆန္ဒရှင်လူထုများထံမှ (၃၇၅) ဦးတိုက်ရိုက်ရွေးချယ်ပြီး ကျန်ရှိသော (၁၂၅) ဦးကို သက်ဆိုင်ရာပါတီအလိုက် ရရှိသောမဲအရေအတွက်အပေါ် ရွေးချယ်ဆုံးဖြတ်သည်ဟု သိရသည်။

ထိုင်းနိုင်ငံမဲပေးစနစ်မှာ လူထုထံမှ တိုက်ရိုက်ရွေးချယ်ခြင်း (Direct Representative Vote) နှင့် လူထုအားလုံးထံမှရရှိသည့်မဲအပေါ်အခြေခံ၍ အမတ်အရေအတွက်သတ်မှတ်ပေးခြင်း (Proportional Vote) စသည့်စနစ်နှစ်မျိုး ကျင့်သုံးကြောင်း သိရသည်။

 

 

 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
33,400SubscribersSubscribe
spot_img

Latest posts