ဗညားရံ – အခုတလော ရှမ်းနဲ့ ကချင်နယ်တွေမှာ ဦးသိန်းစိန် အစိုးရက ထိုးစစ်တွေ ဆင်နေပါတယ်။ တိုင်းပြည် မငြိမ်းချမ်းအောင် လုပ်ဖို့က သူတို့ရဲ့ တာဝန်ပါ။ လက်ရှိအချိန်မှာ စစ်တပ်ကို တည်ဆောက်ရမှာမို့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ အကြံထုတ်ရပါတယ်။ စစ်တပ်ရဲ့ တည်ရှိမှုကို ပြည်သူတွေရဲ့ ခေါင်းထဲမှာ စွဲနေဖို့ ဒီထိုးစစ် အပါအဝင် နောက်ထပ် ထိုးစစ်များကိုလည်း အကန့်အသတ်များနဲ့ ဆက်လုပ်သွားမှာ သေချာပါတယ်။
ဦးသိန်းစိန်အစိုးရ လုပ်နေတဲ့ ကချင်ထိုးစစ်မှာ စစ်ပရိယာယ်အရ လုပ်ခြင်း ဖြစ်တယ်။ ကချင်နယ်ကို ထိန်းချုပ်လိုတာက ပထမဆိုပေမဲ့ ဦးစီးချုပ်အသစ်က သူ့အစွမ်းကို ပြချင်တာလည်း ပါပါတယ်။ တက်ကာစ အစိုးရကို ခံ့ညားအောင် လုပ်ချင်တာလည်း ပါတယ်။ အထူးသဖြင့် လောလောဆယ်မှာ သံဃာ့အဓိကရုဏ်းလည်း မလုပ်ရဲ၊ ဒေါ်စုကိုလည်း မထိရဲတော့ အရင်ကနည်းကို ပြောင်းပြန်လှန်ပြီး တိုင်းရင်းသားတွေ ခံရတဲ့ အလှည့် ရောက်ပြီပေါ့။ ဒီတိုက်စစ်က တပ်တွင်း ပုန်ကန်မှုကို ရှောင်လွှဲဖို့လည်း ဟုတ်တယ်။
ဒါက ဟိုအရင်တုန်းက စာရေးသူ ပြောဖူးတဲ့စကား ဖြစ်ပါတယ်။ ဗမာ့အစိုးရက အိန္ဒိယကို ဖားပြီး တရုတ်ကို ကားကားကလေးနဲ့ ဟပေးသလို တရုတ်နဲ့ အကြည်ဆိုက်နေတဲ့ အချိန်မှာလည်း အိန္ဒိယကုလားကို မျက်စပစ်နေတတ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပနံသင့်အောင် ပေါင်းပြီး စစ်အစိုးရ ရပ်တည်ချက်အတွက် ကမ္ဘာကို ရောင်းစားနေတဲ့ အချိန်မှာ ဒီအမှောင် နောက်ကွယ်မှာ အတိုက်အခံတွေ အများကြီး ဒုက္ခရောက်ခဲ့ရပါတယ်။
အတိုက်အခံတွေ ဒုက္ခရောက်ရသလို တနေ့ကျယင် ဒီတိုင်းရင်းသား အဖွဲ့အစည်းတွေလည်း ဒုက္ခလှလှကြီး တွေ့ရဦးမယ်လို့ ကြိုတင်နိမိတ် ဟောခဲ့ပါတယ်။ ဘာဖြစ်လဲဆိုတော့ စစ်အစိုးရဟာ ဂုဏ်သရေရှိ လူကြီးမင်းများ မဟုတ်ပါဘူး။ အရှက်အကြောက်တရားကို တန်ဖိုးထားသူများလည်း မဟုတ်ပါဘူး။ ဗြဟ္မစိုရ်တရားလေးပါးကို စံနမူနာ ပြုသူများလည်း မဟုတ်ကြပါဘူး။ လူ့အခွင့်အရေးကို လျစ်လျူရှုသူများ ဖြစ်ရုံမျှမက နားလည်မှုလည်း ရှိပုံ မရပါဘူး။
လက်ရှိအချိန်မှာ အတိုက်အခံတွေ နည်းနည်းငြိမ်ကုန်တာနဲ့ တိုင်းရင်းသားတွေ ခံရပြီ မဟုတ်လား။ ဒီတိုင်းရင်းသားတွေကို အပြုတ်တိုက် မတိုက်ဆိုတာ စစ်အစိုးရက တွေးဆနေပုံရပါတယ်။ အသေအပျောက် အထိအခိုက် အကျအဆုံး အဆုံးအရှုံးတွေကို ခန့်မှန်းနေတာ မဟုတ်ဘဲ သူတို့အတွက် အပြုတ်တိုက်ဖို့နဲ့ မသေမရှင်တိုက်ဖို့ ဘယ်ဟာက အကျိုးပိုများမလဲ တွေးနေပုံရတယ်။
UNFC ကို သွေးတိုးစမ်းချင်လို့ ဒီထိုးစစ်တွေကို လုပ်နေတာလည်း ဖြစ်နိုင်ပါတယ်။ UNFC က ကနဦးမှာ ကမူးရှုးထိုးနဲ့ ကချင်တွေ နှုတ်လှံထိုးနေတာကို ထိန်းနိုင်ခဲ့ပြီး တိုက်ပွဲရဲ့ ပထမဆုံး အပတ်မှာပဲ သံတမန် ဆန်လာပါတယ်။ လူကြီးလူကောင်း ပီသလာတာကို တွေ့လာရပါတယ်။ မြန်မာစစ်သားတွေ သူတို့နဲ့ လာရောက် ပူးပေါင်းဖို့၊ သူတို့ကြောင့် ထိခိုက်မှု ရှိယင် ခွင့်လွှတ် နားလည်ပေးဖို့၊ စစ်ပြေငြိမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ချပြခဲ့ပါတယ်။
နောက်ပြီး စစ်ပြေးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့လည်း ကိုင်တွယ်တတ်ပုံကို တွေ့နေရပါတယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံတဲ့အခါမှာ သံတမန် အရမ်းဆန်ပုံကို လေ့လာ သိရှိရတယ်။ တရုတ်နိုင်ငံကို ကြားဝင်ပေးဖို့၊ ဒုက္ခသည်တွေကို ကူညီပေးဖို့၊ မကူညီပေးနိုင်ယင် နိုင်ငံတကာကို ဝင်ခွင့်ပြုဖို့ အကြံပြုတတ်ပုံမှာလည်း ကျေနပ်စရာတွေပါ။
ဒီအခြေအနေမှာ မြန်မာဘက်က ကချင်တွေ တရုတ်ဘက်က ကချင်တွေဆီ သွားရောက်ပြီး ခိုလှုံရတာလည်း ရှက်တတ်ယင် မြန်မာအစိုးရက ရှက်ဖွယ်လိလိပါ။ တရုတ်လို နိုင်ငံကြီးတနိုင်ငံက သူတို့ တိုင်းရင်းသားတွေကို အားပေးပုံများ အားရစရာပါပဲ။ အစိုးရကျောင်းမှာ တိုင်းရင်းသား ဘာသာစကား သင်ကြားခွင့် ပေးပါတယ်။ တိုင်းရင်းသားတွေရဲ့ အရေးကို ဗဟိုအစိုးရက မချုပ်ကိုင်ပါဘူး။ မြန်မာနိုင်ငံနဲ့ ကွာပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးပါတယ်။ ဟောင်ကောင်တို့ မကာအိုတို့ကို တနိုင်ငံ စနစ်နှစ်မျိုးနဲ့ သွားပါတယ်။ တိဗက်တို့ မွန်ဂိုလီးယားတို့ဆို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်တွေပါ။ ကိုယ်ပိုင် ပြဌာန်းခွင့် တိုးပေးဖို့ပဲ တောင်းဆိုကြရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ဒီလို မဟုတ်ပါဘူး။ ဗမာစာပဲ အစိုးရကျောင်းမှာ သင်ခွင့် ရှိပါတယ်။ တိုင်းရင်းသား ဘာသာစကားတွေကို ခွင့်မပြုပါဘူး။ ဒီလို အခြေခံ အခွင့်အရေးမျှတောင် မရှိတဲ့ တိုင်းရင်းသားတွေဟာ သူတို့ရဲ့ မွေးရာပါ အခွင့်အရေးအတွက် လွတ်မြောက်ရေး တိုက်ပွဲ ဆင်နွှဲရတာပါ။ လူသတ်ဖို့ အားမပေးပေမဲ့ ဘုရားအလောင်းတို့တောင် မတရားမှုကို တားဖို့အတွက် စစ်ကို တိုက်ရပါတယ်။ ဒီလိုပဲ တိုင်းရင်းသားတွေဟာ ဗမာတွေကနေ သီးခြားနိုင်ငံ ထူထောင်ဖို့ မဟုတ်ဘဲ တန်းတူ နေလိုခြင်းသာ ဖြစ်ကြောင်း၊ တန်းတူ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေခြင်းမျှသာ ဖြစ်ကြောင်း၊ ဗမာအပါအဝင် တိုင်းရင်းသား အချင်းချင်း ထိခိုက်စေလိုခြင်း မရှိကြောင်း သဘောထားတွေ ထုတ်ပြန်ပုံမှာလည်း ပြည်ထောင်စုအတွက် အပြုသဘော ဆောင်ခဲ့ပါတယ်။
စာရေးသူအနေနဲ့ ခန့်မှန်းပြောရယင် တကယ်လို့ ပြည်တွင်းစစ် ဖြစ်လာခဲ့မယ်ဆိုယင် တိုင်းရင်းသားတွေပဲ အထိနာမှာ မဟုတ်ဘဲ ဗမာအစိုးရ (အတု) လည်း များစွာ ပေးဆပ်ရမှာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း တရုတ်က ပြောပါတယ်။ အမေရိကန်က ထိုးစစ်ကို ချက်ချင်း ရပ်တန့်ဖို့ ပန်ကြားပါတယ်။ ဒါက နိုင်ငံတကာ တုန့်ပြန်မှုပါ။ တရုတ်ရော အမေရိကန်ပါ မကြိုက်တဲ့ အလုပ်တခုကို ဗမာအစိုးရက လုပ်နေတာ ဖြစ်ပါတယ်။
နိုင်ငံရေးကို စစ်ရေးနဲ့ ဖြားယောင် သွေးဆောင်လို့ ရကောင်းပါရဲ့ ဆိုပြီး ဦးသိန်းစိန် အစိုးရက သွေးရူးသွေးတန်းနဲ့ ထိုးစစ်ကို ဆင်နေခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန် အနေနဲ့ ဒီထိုးစစ်ကို သဘောတူသည် ဖြစ်စေ မတူသည် ဖြစ်စေ၊ ဒီထိုးစစ်ကို နိုင်ငံတော် လုံခြုံရေး ကောင်စီက ဆင်ခိုင်းသည် ဖြစ်စေ၊ ဒေသန္တရ စစ်တိုင်းမှုးတွေက ဆင်ခိုင်းသည် ဖြစ်စေ ဦးသိန်းစိန် အနေနဲ့ နိုင်ငံရေးသိက္ခာ ကျရရှာပြီ ဖြစ်ပါတယ်။
သမ္မတ ကျမ်းကျိန်ပွဲက နည်းနည်းလေး ရထားတဲ့ အမှတ်တွေ F အဆင့်အထိ ကျရရှာပြီ။ ဒီထိုးစစ်တွေဟာ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကို ဆုံးရှုံးစေသလို ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေလည်း ဦးသိန်းစိန်ရဲ့ ဇာတိရုပ် အမှန်ကို သိရှိနေလောက်ပါပြီ။ နှစ်ပေါင်း(၂၀) နီးပါး အပစ်ရပ်ထားလို့ သွေးအေးနေတဲ့ တိုင်းရင်းသားတွေလည်း လန့်နိုးနေလောက်ပြီ။ အနည်းဆုံး သူတို့ အမှန်တကယ် လျှောက်လှမ်းရမယ့် လမ်းကို အမှန်အတိုင်း ရွေးချယ်လို့ ရသွားပေပြီ။