spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမိခင်စာပေ သင်ကြားခွင့် ရရန် တိုင်းရင်းသားပါတီများ လွှတ်တော်တွင် ထပ်မံအဆိုပြုမည်

    မိခင်စာပေ သင်ကြားခွင့် ရရန် တိုင်းရင်းသားပါတီများ လွှတ်တော်တွင် ထပ်မံအဆိုပြုမည်

    -

    လွတ်လပ်သော မွန်သတင်း အေဂျင်စီ – အစိုးရကျောင်းများ၌ တိုင်းရင်းသား မိခင်ဘာသာစာပေ သင်ကြားခွင့်ရရန် လွှတ်တော်တွင် ထပ်မံအဆိုတင်သွင်းသွားမည်ဟု  ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီ ၅ ခုက ဆုံးဖြတ်ခဲ့ကြသည်။

    မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှ နွေရာသီ မွန်စာပေသင်တန်း သင်တန်းသား/သူများ လက်ခံကြိုဆိုပွဲ (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
    မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှ နွေရာသီ မွန်စာပေသင်တန်း သင်တန်းသား/သူများ လက်ခံကြိုဆိုပွဲ (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

    သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီနှင့် ဖလုံ- စဝေါ်ဒီမိုကရက်တစ်ပါတီတို့က ရန်ကုန်တွင် မေလ ၃၀ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ထိ သုံးရက်ကြာ ဆွေးနွေးပြီးနောက် ယခုကဲ့သို့ တင်သွင်းရန် ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက “ကျနော်တို့ တင်သွင်းမယ့်အဆိုကို ပြန်ပြီး စိစစ်ပြီးပြီ၊ ဒီလာမယ့် လွှတ်တော်အစည်းအဝေးမှာ တင်မယ်၊ ကျနော်တို့ အဆိုကို ပယ်လို့မရ ငြင်းလို့မရအောင် ပြင်ဆင်ထားတယ်” ဟု ပြောသည်။

    ဒေသခံ တိုင်းရင်းသားများ၏ မိခင်ဘာသာ၊ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ကို အစိုးရလက်အောက်ရှိ ပညာရေးကျောင်းများတွင် သင်ကြားရန် လိုအပ်သည်ဟု အထက်ပါ နိုင်ငံရေးပါတီများက လက်ခံယုံကြည်ကြသည်။

    “မြန်မာစကား မပြောနိုင်တဲ့ တိုင်းရင်းသားကလေးတွေ မြန်မာစကား သင်ရမယ်။ ပြီးတော့ တိုင်းရင်းသား ဘာသာစကား မပြောနိုင်တဲ့ ကလေးတွေလည်း တိုင်းရင်းသားဘာသာ သင်ရမယ်” ဟု နိုင်ငွေသိန်းက ပြောသည်။

    အစိုးရကျောင်းများတွင် တိုင်းရင်းသားဘာသာစာပေ သင်ကြားခွင့်ရရန် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာဗညားအောင်မိုးက မတ်လတွင် ကျင်းပခဲ့သည့် ပထမအကြိမ် လွှတ်တော်အစည်းအဝေး၌ အဆိုတင်သွင်းခဲ့သော်လည်း လက်ရှိ တိုင်းရင်းသား ပညာရေး အခြေအနေနှင့် ပတ်သက်ပြီး ပြန်လည် မေးမြန်းချက်ကို မဖြေကြားနိုင်သည့်အတွက် ပယ်ချခံခဲ့ရသည်။

    တိုင်းရင်းသားဘာသာ သင်ကြားရေးမှာ အရေးကြီးသည့်အတွက် အစိုးရအနေနှင့် သင်ကြားခွင့် ပေးသင့်ကြောင်း၊ သို့သော်လည်း အစိုးရသစ်အနေနှင့် အစိုးရကျောင်းများတွင် ဘာသာရပ်တခု အနေနှင့် သင်ကြားခွင့် ပေးလိမ့်မည် မဟုတ်ကြောင်း မွန်လူမှု အဖွဲ့အစည်း ခေါင်းဆောင်တို့က ယူဆကြသည်။

    မွန်စာပေနှင့် ယဉ်ကျေးမှု ပူးပေါင်းအဖွဲ့ ဥက္ကဌ ဒေါက်တာမင်းကြည်ဝင်းက “အစိုးရသစ်ကလည်း တိုင်းရင်းသားဘာသာကို ကျောင်းမှာ သင်ကြားခွင့်ပေးမှာ မဟုတ်သလို၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကလည်း ပြဌာန်းထားတာ မရှိဘူး” ဟု ပြောသည်။

    “ဖွဲ့စည်းပုံအရ ဆိုရင် ပြည်နယ်အစိုးရကလည်း ဒါကို လုပ်ပိုင်ခွင့် မရှိဘူး၊ စာကြည်တိုက်တွေ ပြတိုက်တွေလောက်ပဲ တိုးတက်အောင် လုပ်ပေးနိုင်တယ်” ဟု သူက ဆက်ပြောသည်။

    မုဒုံမြို့မှ အထက်တန်း ကျောင်းအုပ်တဦးကလည်း “ကျမတို့ ငယ်ငယ် ကျောင်းနေတုန်းက (တိုင်းရင်းသားသာဘာ) ကျောင်းမှာ ခဏသင်ခဲ့ရသေးတယ်၊  ဒါပေမဲ့ နောက်ပိုင်းမှာ အစိုးရက ကျောင်းမှာ သင်ခွင့် မပေးတော့ဘူး။ အရင်ကတည်းက သူတို့ ပေးမသင်တော့လို့ ထုတ်လိုက်တာကို အခုချိန်မှာ သင်ခွင့် ပေးမှာ မဟုတ်ဘူးလို့ ကျမထင်တယ်” ဟု ပြောသည်။

    ဖဆပလ အစိုးရလက်ထက်တွင် သက်ဆိုင်ရာ တိုင်းရင်းသားများအတွက် ၄င်းတို့၏ စာပေများကို အစိုးရ မူလတန်းအဆင့်၌ အပိုဘာသာရပ်အဖြစ် သင်ကြားခွင့် ရှိခဲ့ပြီး ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် သင်ကြားခွင့် ပိတ်ပင်ခဲ့သည်။

    အစိုးရက တိုင်းရင်းသားစာပေ သင်ကြားခွင့် ပိတ်လိုက်သည့်နောက်တွင် တိုင်းရင်းသား ခေါင်းဆောင်များက ၄င်းတို့၏ စာပေယဉ်ကျေးမှုကို ထိန်းသိမ်းရန်အတွက် နည်းမျိုးစုံဖြင့် ယနေ့ထိတိုင် ကြိုးပမ်း တိုက်ပွဲဝင်လျက် ရှိသည်။

    “ကျနော်တို့ စာပေကို ထိန်းသိမ်းဖို့အတွက် နွေရာသီ မွန်စာပေသင်တန်းကို ကျနော်တို့ သင်ပေးနေရတယ်၊ အဲဒီလို သင်တဲ့အခါမှာလည်း သင်တဲ့နေရာ မရှိလို့ အခက်အခဲတွေ အများကြီး ကြုံရတယ်” ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    “အိမ်တွေမှာ၊ ဘုန်းကြီးကျောင်းတွေမှာ၊ တချို့ အရိပ်ကောင်းတဲ့ ရာဘာပင် အောက်မှာ သင်နေရတယ်။ သူတို့ (အစိုးရ) မှာ ကျောင်းတွေ ရှိတယ်၊ ဒါပေမဲ့ အဲဒီနေရာတွေမှာ ကျနော်တို့ကို သင်ခွင့် မပေးဘူး” ဟု သူက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks