spot_img
Tuesday, September 16, 2025
More
    spot_img
    Homeသတင်းတိုက်ပွဲဖြစ်ပွားမည်ကို ကြောက်ရွံ့ပြီး ရွာသားများ ထွက်ပြေးတိမ်းရှောင်

    တိုက်ပွဲဖြစ်ပွားမည်ကို ကြောက်ရွံ့ပြီး ရွာသားများ ထွက်ပြေးတိမ်းရှောင်

    -

    ရိုင်မရော့ – ဒီကေဘီအေတပ်ဖွဲ့နှင့် အစိုးရတပ်ကြား ပစ်ခတ်မှု ဖြစ်ပွားပြီး အစိုးရတပ်များ အင်အား တိုးချဲ့လာခြင်းကြောင့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနီး မဲကသာရွာမှာ ဒေသခံများ ဘုရားသုံးဆူမြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

    နိုဝင်ဘာ ၈ ရက်နေ့ တွင် ဖြစ်ခဲ့သောတိုက်ပွဲကြောင့် ဘုရားသုံးဆူဒေသခံများ ထိုင်းနယ်စပ်သို့ ထွက်ပြေးနေပုံ ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )
    နိုဝင်ဘာ ၈ ရက်နေ့ တွင် ဖြစ်ခဲ့သောတိုက်ပွဲကြောင့် ဘုရားသုံးဆူဒေသခံများ ထိုင်းနယ်စပ်သို့ ထွက်ပြေးနေပုံ (ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

    မေလ ၂၆ ရက်နေ့တွင် နယ်ခြားစောင့်တပ်ကို လက်မခံသည့် ဗိုလ်အေဝမ်း၏ ဒီကေဘီအေ တပ်ရင်း ၉၀၇ က မဲကသာရွာအနီးတွင် တပ်ချထားသည့် အစိုးရတပ်ကို ချောင်းမြောင်းပစ်ခတ်ခဲ့ပြီးနောက် မေလ ၂၇ ရက်နေ့နှင့် ၂၉ ရက်နေ့တွင် တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သည်။

    “ရွာဟောင်းဘက်က အိမ်ခြေ ၂၀ လောက် ထွက်ပြေးကြတယ်၊ ရွာသစ်ဘက်ကတော့ မပြေးသေးဘူး” ဟု မဲကသာ ရွာခံတဦးက ပြောသည်။

    မဲကသာရွာသစ်နှင့် ရွာဟောင်းမှာ ချောင်းတခုသာ ခြားပြီး စုစုပေါင်း အိမ်ခြေ ၂၀၀ ခန့် ရှိကာ ဘုရားသုံးဆူမြို့ အနောက်မြောက်ဘက် ၆ ကီလိုမီတာအကွာတွင် တည်ရှိသည်။

    မဲကသာမှ ထွက်ပြေးလာသည့် ဒေသခံ ရွာသားများ ဘုရားသုံးဆူမြို့ပေါ်ရှိ ဓမ္မဟေဝန်ကျောင်း (ကရင် ဘုန်းတော်ကြီးကျောင်း) သို့ ရောက်နေကြသည်။

    မေလ ၂၉ ရက်နေ့ ညနေပိုင်းတွင် ခမရ ၅၆၆၊ ခမရ ၃၇၃၊ ခမရ ၅၆၃ မှ တပ်သားအင်အား ငါးရာကျော် ဘုရားသုံးဆူမြို့ အနောက်ဘက် ကီလိုမီတာ ၃၀ ကျော်ရှိ ကျွန်းချောင်းသို့ ရောက်ရှိနေပြီး ဘုရားသုံးဆူသို့ ဦးတည်လာနေသည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူ ကျွန်းချောင်းဒေသခံတဦးက ပြောသည်။

    ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ဘုရားသုံးဆူမြို့သို့ ဝင်ရောက်တိုက်ခိုက်မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် မေလ ၂၀ ရက်နေ့မှစပြီး ဘုရားသုံးဆူမြို့တွင်းရှိ အစိုးရတပ်များ နေ့ရော ညပါ လုံခြုံရေး တိုးမြှင့် ချထားခဲ့သည်။

    “မနေ့ညနေလောက်ထိကတော့ ကျွန်းချောင်းမှာပဲ ရှိနေတယ်၊ အယောက်တစ်ရာလောက်တော့ရှိမယ်၊ လူတွေကတော့ ထိန့်လန့်နေကြတာပေါ့၊ တချို့ တောထဲမှာ အိပ်နေတာ နေနေတာတွေကတော့ ရွာကို ပြန်လာအိပ်ကြတယ် စစ်တပ်ကို ကြောက်လို့” ဟု ၄င်းကျွန်းချောင်းရွာခံက ပြောသည်။

    ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ မြန်မာစစ်အစိုးရပ်တပ်နှင့် ဗိုလ်အေဝမ်း ဦးဆောင်သည့် ဒီကေဘီအေ တပ်ရင်း ၉၀၇ တို့ ဘုရားသုံးဆူမြို့ပေါ်မှာ တိုက်ပွဲဖြစ်ခဲ့ကြသည်။ တိုက်ပွဲကြောင့် ဒေသခံများ နှစ်ထောင်ကျော် အနီးနားရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သည့် ဂျပန်ရေတွင်းကျေးရွာနှင့် ထိုင်းဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်လာကြသည်။

    “ခုတော့ မြို့ပေါ်ကလူတွေလည်း ကြောက်နေကြတာပေါ့၊ ဒါပေမယ့် ထွက်ပြေးတာတွေ မရှိသေးဘူး၊ ညညဆိုလည်း မိုးချုပ်တာနဲ့ တံခါးတွေပိတ် အိမ်ထဲမှာပဲ နေကြတာ လမ်းမှာဆိုလည်း တိတ်ဆိတ်နေတာပဲ ဘယ်သူမှ သွားလာတာ မရှိဘူး” ဟု ၄င်းမြို့ခံက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,900SubscribersSubscribe
    spot_img

    Latest posts