spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းကိုမင်းဇေယျ မိခင်ကြီး ကွယ်လွန်ကြောင်း သိခွင့်မရ

    ကိုမင်းဇေယျ မိခင်ကြီး ကွယ်လွန်ကြောင်း သိခွင့်မရ

    -

    လွတ်လပ်သော မွန်သတင်း အေဂျင်စီ – မိခင်ကြီး ကွယ်လွန်သည်ကို လားရှိုးအကျဉ်းထောင်တွင် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျ ကြားသိခွင့် မရရှိခဲ့ကြောင်း နှမဖြစ်သူက ပြောသည်။ 

    မိခင်ကွယ်လွန်ကြောင်း ကိုမင်းဇေယျကို အကြောင်းကြားပေးပါရန် မိသားစုဝင်များက ထောင်အာဏာပိုင်များထံ မေတ္တာရပ်ခံခဲ့သော်လည်း အကြောင်းကြားမပေးနိုင်ကြောင်း တုံ့ပြန်ခဲ့သည်ဟု အသက် ၅၀ ရှိပြီ ဖြစ်သည့် ကိုမင်းဇေယျ၏ နှမဖြစ်သူ မိနွဲ့နွဲ့ရီက ပြောသည်။

    “အမေဆုံးတဲ့နေ့မှာပဲ ကျမမောင် (ကိုအောင်နိုင်) က လားရှိုးထောင်ကို ဖုန်းဆက်တယ်။ အကို့ကို မိခင်စျာပနမှာ ဂါရဝ ပြုခွင့်ပေးဖို့ တောင်းတယ်။ ထောင်အာဏာပိုင်တွေက မရဘူးလို့ ပြောတယ်။ ဒါဖြစ် အကို့ကို အမေဆုံးတဲ့အကြောင်း ပြောပေးပါလို့ တောင်းပန်တယ်၊ နိုင်ငံရေး အကျဉ်းသားကို ငါတို့ မဆက်ဆံဘူးလို့ ကျမမောင်ကို ပြောလွှတ်လိုက်တယ်” ဟု မိနွဲ့နွဲ့ရီက ပြောသည်။

    ဓါတ်ပုံ - hittai.net
    ဓါတ်ပုံ - hittai.net

    မိခင်ကြီးကို နောက်ဆုံးဂါရဝ မပြုလိုက်ရသည့် ကိုမင်းဇေယျကို ရည်ရွယ်ပြီး မိသားစုဝင်များက စျာပန မှတ်တမ်းဓါတ်ပုံ၊ ဗီဒီယိုများကို ရိုက်ကူးထားကာ မိခင်၏ အရိုးပြာ အုတ်ဂူကို မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ရွာ သုဿာန်တွင် တည်ထားခဲ့သည်ဟု သူမက ပြောသည်။

    “အဖေဆုံးတုန်းက အကို မှီလိုက်တယ်၊ အဲဒီတုန်းကဆို ကျမတို့ အုတ်ဂူ မလုပ်လိုက်ဘူး၊ အခု အကိုက အမေဆုံးတာကို မမြင်လိုက်ရဘူး၊ ဂါရဝ ပြုခွင့်လည်း မရလိုက်ဘူး၊ အကို ပြန်လွတ်လာတဲ့ တနေ့မှာ အမေ့ကို ကန်တော့နိုင်ဖို့ ကျမတို့ အုတ်ဂူ လုပ်ထားပါတယ်” ဟု အသက် ၅၀ ရှိ မိနွဲ့နွဲ့ရီက ငိုယိုလျက် ပြောသည်။

    စျာပန အခမ်းအနားသို့ မုဒုံမြို့နယ် ထောက်လှမ်းရေး ၂ ယောက်နှင့် ရန်ကုန်မှ ထောက်လှမ်းရေး ၁ ယောက် လာရောက်လေ့လာပြီး မှတ်တမ်းဓါတ်ပုံများ ရိုက်ယူသွားကြောင်း ကိုမင်းဇေယျ၏ အကိုဖြစ်သူ ကိုမောင်သိန်းက ပြောသည်။

    လားရှိုးအကျဉ်းထောင်တွင် ၆၅ နှစ် ၆ လ ပြစ်ဒဏ် စီရင်ခြင်း ခံထားရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းဇေယျာ၏ မိခင်ကြီး မိချစ်ဖွား အသက် ၇၆ နှစ်သည် မေလ ၂၇ ရက်နေ့ ည ၁၁ နာရီ ၂၀ မိနစ်တွင် မွန်ပြည်နယ် မုဒုံမြို့နယ် ကမာ၀က်ရွာတွင် ကွယ်လွန်ပြီး မေလ ၂၉ ရက်နေ့ မွန်းလွဲ (၁) နာရီတွင် ကမာ၀က်ရွာ နေအိမ်မှ သုဿာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်ခဲ့သည်။

    မိခင်ကြီး၏ စျာပန အခမ်းအနားသို့ ရန်ကုန်မှ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့နှင့် လုပ်ဖော်ကိုင်ဖက်များက လွမ်းသူ့ပန်းခွေများ ပေးပို့ခဲ့သည်။

    စျာပနသို့ ကိုမင်းဇေယျ၏ ဇနီး ဒေါ်ချိုချိုဝင်း၊ ဒီမိုကရေစီ အင်အားစုများ၊ နိုင်ငံရေးပါတီအချို့မှ ပုဂ္ဂိုလ်များ၊ ဆွေမျိုးသားချင်းနှင့် ရွာသူရွာသား ၃၀၀၀ ကျော် လိုက်ပါပို့ဆောင်ခဲ့ကြသည်။

    ကွယ်လွန်သူ မိချစ်ဖွား၏ ခင်ပွန်းမှာ နိုင်ဘရင် ဖြစ်ပြီး သားသမီး (၈) ယောက် ထွန်းကားကာ ကိုမင်းဇေယျမှာ တတိယမြောက်သား ဖြစ်သည်။

    ရက်လည်ဆွမ်း အလှူကို ဇွန်လ ၃ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ပြီး ၈၈ မျိုးဆက် ကျောင်းသားများနှင့် လုပ်ဖော်ကိုင်ဖက် ၁၅ ဦး လာရောက်မည် ဖြစ်ကြောင်း သတင်းပို့ထားသည်ဟု မိနွဲ့နွဲ့ရီ က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks