Friday, March 13, 2026
More
    spot_img
    Homeသတင်းဆည်ရေ လွှမ်းမိုးမှုကြောင့် လယ်မြေများ စပါးမစိုက်နိုင်

    ဆည်ရေ လွှမ်းမိုးမှုကြောင့် လယ်မြေများ စပါးမစိုက်နိုင်

    -

    မိကျဲဂို

    မွန်ပြည်နယ် မုဒုံမြို့နယ် ဝင်းဖနုံဆည်မှ ဖောက်လွှတ်လိုက်သည့် ရေများ လယ်ကွင်းသို့ လွှမ်းမိုးနေခြင်းကြောင့် လယ်သမားများ မိုးစပါးစိုက်ရန် အခက်အခဲ ကြုံနေရကြောင်း ဒေသခံ လယ်သမားများက ပြောကြသည်။

    “အခု မိုးဆက်တိုက် ရွာနေတော့ တချို့လယ်တွေဆို ခါးလောက်၊ တချို့ဆို ပေါင်လောက် ရေရောက်နေပြီ” ဟု ဝင်းဖနုံဆည် အောက်ပိုင်းတွင် လယ်လုပ်ကိုင်နေသူ ကိုနိုင်၀င်းက ပြောသည်။

    သူ့အနေနှင့် လယ်မြေ ဧက ၂၀ ရှိသော်လည်း ရေလွှမ်းမိုး ခံရခြင်းကြောင့် ကုန်းမြင့်ပိုင်း လယ် ၅ ဧက ခန့်တွင်သာ စပါး စိုက်ပျိုးနိုင်ကြောင်း ဆိုသည်။

    အဓိက ရေလွှမ်းမိုးရခြင်းမှာ ဆည်မှ လွှတ်ချလိုက်သည့် ရေများကို စနစ်တကျ ဖောက်လုပ်ထားခြင်း မရှိသည့် ရေလွှတ်မြောင်းက မသယ်ထုတ်နိုင်ခြင်းနှင့် ရေလှောင်တမံ မဆောက်လုပ်မီက ရှိခဲ့သည့် ယခင်ချောင်းငယ်မှာလည်း တိမ်ကောသွားခဲ့ခြင်းကြောင့် ဖြစ်သည်။

    ရေလွှမ်းခြင်းကြောင့် ဆည်အောက်ပိုင်းရှိ ထုံမံ၊ ကွမ်ကဗွီး၊ ဆက်သွယ်၊ ဒိုးမား၊ ရွာသစ်နှင့် ကလော့သော့ ကျေးရွာဝန်းကျင်မှ လယ်ဧက ၂၀၀ ကျော် မိုးစပါး မစိုက်နိုင်ကြောင်း ဆည်ဧရိယာနေ လယ်သမားတို့က ပြောသည်။

    ရေကျချိန်သွားသည့်တိုင် လယ်မြေများ၌ မြက်ပင်၊ ပေါင်းပင်များ ထူထပ်စွာ ပေါက်လာတတ်ပြီး ရှင်းလင်းရန် မလွယ်ကူသည့်အတွက် စပါးစိုက်ရန် မဖြစ်နိုင်ကြောင်း လယ်သမားများက ပြောသည်။

    ဆည်အောက်ပိုင်းရှိ လယ်သမား ၃၀ ကျော်က ဧပြီလတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမျိုးညွန့်ထံသို့ ၎င်းပြဿနာကို ဖြေရှင်းပေးရန် အသနားခံစာ ရေးသားပေးပို့ခဲ့သော်လည်း အကြောင်းထူးမလာခဲ့့ကြောင်း လယ်သမားများက ပြောသည်။

    “ဦးမျိုးညွန့်က နှစ်ကြိမ်တောင် ဒီဆည်ကို ကွင်းဆင်း လေ့လာပြီးပြီ၊ ကျနော်တို့နဲ့ တွေ့တုန်းက လယ်သမားတွေကို စုပြီး ပိုက်ဆံ ကောက်ပါ။ ကိုယ်ထူကိုယ်ထနည်းနဲ့ပဲ ရေလွှတ်မြောင်း ကိစ္စကို ဖြေရှင်းပါလို့ပဲ ကျနော်တို့ကို မှာကြားသွားတယ်” ဟု ကွမ်ခဗွီးရွာမှ လယ်သမားတဦးက ပြောသည်။

    နွေစပါး ၄၅၀၀ ဧကနှင့် အခြားသီးနှံ ၅၀၀၀ ဧက စိုက်ပျိုးရန် ရည်ရွယ်ပြီး ၂၀၀၁ ခုနှစ်တွင် ဝင်းဖနုံဆည်ကို စတင် တည်ဆောက်ခဲ့သည် ဟု မြန်မာအစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks