spot_img
Wednesday, July 30, 2025
More
    spot_img
    Homeသတင်းမြန်မာပြည်မှာ အခမဲ့ပညာရေး မနီးစပ်သေး

    မြန်မာပြည်မှာ အခမဲ့ပညာရေး မနီးစပ်သေး

    -

    မိကျဲဂို – မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားက မြန်မာနိုင်ငံတွင် အခမဲ့ ပညာရေးစနစ် စတင် ဖော်ဆောင်ရန် လိုအပ်ကြောင်း မြန်မာအစိုးရကို တိုက်တွန်း ထားသော်လည်း ဖြစ်ပေါ်လာနိုင်ရန် မနီးစပ်သေးကြောင်း ပညာရေးလောကအတွင်း ပြောဆိုမှုများ ရှိသည်။

    ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများကို မေလ ၁၉ ရက်နေ့က တွေ့ဆုံရာတွင်၂၀၁၁ ခုနှစ် ကျောင်းဖွင့်ချိန်၌ အခြေခံပညာ မူလတန်းအဆင့် ကျောင်းသား/သူများအတွက် ကျောင်းသုံးစာအုပ်များ အခမဲ့ဖြန့်ဝေရန် ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖေါ်ပြခဲ့သည်။

    ကျောင်းသုံးစာအုပ်များ အခမဲ့ ဖြန့်ေ၀ခြင်းသည် အခမဲ့ပညာရေး ထူထောင်ရန် ကနဦး ခြေလှမ်း အဖြစ် ယူဆနိုင်သော်လည်း ယင်းအစီအစဉ် လက်တွေ့ ဖြစ်လာမည်၊ မဖြစ်လာမည်ကို တပ်အပ် မပြောနိုင်သေးကြောင်း မွန်ပြည်နယ်မှ အထက်တန်း ကျောင်းအုပ်တဦးက ပြောသည်။

    ပညာရေးလောကအတွင်း လက်တွေ့ ဆောင်ရွက်ပုံ ဆောင်ရွက်နည်းများကို ကိုးကား၍ ပြောကြားခြင်း ဖြစ်သည်။

    “အစိုးရက ဘာထောက်ပံ့ကြေးမှ မပေးဘူးလေ။ ကိုယ်နည်းကိုယ်ဟန်နဲ့ ကျောင်းသူ ကျောင်းသားတွေဆီကနေ ငွေ ကောက်ယူပြီးတော့ ကျောင်းစရိတ် အတွက် သုံးနေရတယ်” ဟု အဆိုပါ ကျောင်းအုပ်ကြီးက ပြောသည်။

    ကျောင်းသူ/သားများထံမှ အားကစားကြေး၊ မိဘဆရာအသင်းကြေး၊ စာကြည့်တိုက်ကြေး စသည့် ကြေးမျိုးစုံကို နည်းမျိုးစုံဖြင့် ကောက်ခံကြရသည်။

    မိမိတို့ ကျောင်းအနေနှင့် ကျောင်းစာသင်ခန်းအတွက် စာသင်ခုံများ ပြန်လည်မွမ်းမံ ပြင်ဆင်ရသည့်စရိတ် တခုတည်းပင် တနှစ် ကျပ် ၁၀ သိန်းခန့် ကုန်ကျသည်ဟု အထက်ပါ အထက်တန်း ကျောင်းအုပ်က ရှင်းပြသည်။

    မွန်ပြည်နယ် တောင်ပိုင်း လမိုင်းမြို့နယ်ခွဲမှ မူလတန်းဆရာမ တဦးကလည်း “ကျောင်းဝင်ကြေးကတော့ မပေးရဘူး၊ ကျောင်းအပ်တဲ့ အချိန်မှာ ဘာကြေးမှ မကောက်ဘူး၊ ဒါပေမဲ့ တခြားကြေးတွေတော့ အကုန်ကောက်တယ်။ ကျောင်းဖွင့်ပြီး နောက်ပိုင်း တလျှောက်လုံးပဲ” ဟု ပြောသည်။

    ဆရာ ဆရာမများ အနေနှင့် ကျောင်းသားစုံညီပွဲတော် ကျင်းပသည့် နည်းမျိုးဖြင့်လည်း ကျောင်းရံပုံငွေ ရရှိရန် ကြိုးပမ်းကြရပြီး ၎င်းမှ ရရှိသော ၀င်ငွေဖြင့် စာသင်ကျောင်း လိုအပ်ချက်အတွက် အသုံးပြုခြင်း၊ ပိုလျှံသည့် ရံပုံငွေကို ၀င်ငွေနည်းသည့် ကျောင်းဆရာ ဆရာမများအား မျှေ၀ပေးခြင်းများ ပြုလုပ်ရသည်ဟုလည်း သူမက ရှင်းပြသည်။

    မစ္စတာ ကင်တားနားက မြန်မာနိုင်ငံတွင် လူမှုရေး၊ စီးပွားရေး နှင့် ယဉ်ကျေးမှု ဆိုင်ရာ ရပိုင်ခွင့်များ တိုးတက်မှု ရှိစေရေး အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် မိမိအနေဖြင့် ပညာသင်ကြားပိုင်ခွင့်မှ စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ မြန်မာ အစိုးရ အနေဖြင့် မသင်မနေရ အခမဲ့ ပညာရေး စနစ် ထူထောင်သင့်ကြောင်းနှင့် ပညာရေးအတွက် အစိုးရဘဏ္ဍာငွေကို ပိုမိုသုံးစွဲသင့်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ ပြီးခဲ့သည့် မတ်လက တင်သွင်းသည့် အစီရင်ခံစာတွင် တိုက်တွန်း ဖေါ်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts