spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမွန်စာပေနှင့် ယဉ်ကျေးမှု ပူးပေါင်းအဖွဲ့ မှတ်ပုံတင်မည်

    မွန်စာပေနှင့် ယဉ်ကျေးမှု ပူးပေါင်းအဖွဲ့ မှတ်ပုံတင်မည်

    -

    နိုင်မာန် – မကြာမီက ကျင်းပ ပြီးစီးခဲ့သည့် မွန်စာပေနှင့် ယဉ်ကျေးမှု ပူးပေါင်းအဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေးမှ အသင်းအဖွဲ့ တရားဝင် ရပ်တည်ခွင့် ရရှိရေးအတွက် သက်ဆိုင်ရာသို့ မှတ်ပုံတင်သွားမည်ဟု ဆုံးဖြတ်ချက် ချခဲ့ကြောင်း သိရသည်။

    မွန်စာပေနှင့် ယဉ်ကျေးမှု ပူးပေါင်းအဖွဲ့ ဥက္ကဌသစ် ဒေါက်တာမင်းကြည်ဝင်း က အဖွဲ့၏ လုပ်ငန်းဆောင်တာများကို ရှင်းလင်း ပြောကြားစဉ် ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )
    မွန်စာပေနှင့် ယဉ်ကျေးမှု ပူးပေါင်းအဖွဲ့ ဥက္ကဌသစ် ဒေါက်တာမင်းကြည်ဝင်း က အဖွဲ့၏ လုပ်ငန်းဆောင်တာများကို ရှင်းလင်း ပြောကြားစဉ် ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

    မေလ ၁၅ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မွန်ဓမ္မာရုံ၌ ကျင်းပသည့် အဆိုပါအစည်းအဝေးသို့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ရန်ကုန်တိုင်းအသီးသီးရှိ မွန်လူမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ် (၁၆၀) ဦးကျော် တက်ရောက်ခဲ့ကြသည်။

    မွန်စာပေနှင့် ယဉ်ကျေးမှု ပူးပေါင်းအဖွဲ့ကို မြို့နယ်အသီးသီးရှိ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ မြို့နယ်အသီးသီးမှ နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် မွန်စာပေ သင်ကြားရေးအဖွဲ့များ၊ တက္ကသိုလ် ပညာသင်ကြားမှု ထောက်ပံ့ရေးအဖွဲ့၊ မွန်ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်း မြှင့်တင်ရေးအဖွဲ့၊ မွန်လူငယ်များ အစည်းအရုံး၊ မွန်သဘင်သည်များ အစည်းအရုံးနှင့် မွန်ဂီတ အစည်းအရုံး စသည့် အဖွဲ့အစည်းများဖြင့် (၂၀၀၈/၂၀၀၉) ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

    ယင်းမွန်လူမှုအသင်းအဖွဲ့များတွင် မော်လမြိုင်နှင့် ရန်ကုန် မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ နှစ်ဖွဲ့တည်းသာ တရားဝင် အသင်းမှတ်ပုံတင် ရှိခဲ့သော်လည်း  လက်ရှိတွင် မော်လမြိုင်မြို့နယ် မွန်စာပေနှင့် ယဉ်ကျေးမှုအသင်းအား သက်ဆိုင်ရာမှ အသင်းမှတ်ပုံတင် သက်တမ်းတိုးခွင့် မပြုသေးပေ။

    ယခုအစိုးရသစ် လက်ထက်၌ မြို့နယ်အသီးသီးရှိ မွန်စာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များ တရားဝင် မှတ်ပုံတင်ခွင့် ရရှိကြမည်ဟုလည်း မျှော်လင့်နေကြသည်။

    “မွန်ဂီတ အစည်းအရုံး အနေနဲ့လည်း သက်ဆိုင်ရာကို အသင်းမှတ်ပုံတင်ဖို့ စဉ်းစားခဲ့ကြပါတယ်၊ ဒါမှလည်း လှုပ်ရှားမှုတွေက တရားဝင်မယ်၊ အခု မွန်စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့ချုပ်က ဒီကိစ္စကို ဆုံးဖြတ်ချက် ချလာတော့ ပိုပြီး အဆင်ပြေသွားတာပေါ့” ဟု ဂီတမွန် (ခေတ်ပေါ်တီးဝိုင်း) အဖွဲ့ ခေါင်းဆောင် ဇာတိနိုင် က ပြောသည်။

    ယခုအစည်းအဝေးတွင် အလုပ်အမှုဆောင်သစ်များ ပြန်လည်ရွေးချယ် တင်မြှောက်ခြင်း၊ အသင်းအဖွဲ့သစ်များ၏ ကိုယ်စားလှယ်များ ထားရှိခြင်းများ ပြုလုပ်ခဲ့ကြသည်။

    မွန်သဘင်သည်များ အစည်းအရုံး၊ မွန်ဂီတ အစည်းအရုံးနှင့် မွန်လူငယ်များ အစည်းအရုံးတို့မှ ကိုယ်စားလှယ် နှစ်ဦးစီ အလုပ်အမှုဆောင် ကော်မတီအဖွဲ့တွင် ထပ်မံ ဖြည့်ဆည်းခဲ့သည်ဟု သိရသည်။

    ယခု အသစ်တဖန် ပြန်လည် ရွေးချယ်ခဲ့သော အဆိုပါ အလုပ်အမှုဆောင် ကမ္မတီ အဖွဲ့တွင် ဥက္ကဌ-ဒေါက်တာမင်းကြည်ဝင်း၊ ဒုဥက္ကဌ-ဒေါက်တာမင်းစိုးလင်း နှင့် နိုင်ခိုစိုက် (နိုင်ထောအိန်)၊ အတွင်းရေးမှူး မွန်ရာဇာ (မင်းစိုးဝင်း)၊ တွဲဖက် အတွင်းရေးမှူး (၁) နိုင်စံလှိုင်၊ တွဲဖက် (၂) မိလှဝင်း၊ တွဲဖက် (၃) ပေါင်မြို့နယ်မှ ကိုယ်စားလှယ်တဦးနှင့် တွဲဖက် (၄) မိမိုးမိုး (မော်လမြိုင်) တို့ ဖြစ်ကြသည်။

    လာမည့် ဇူလိုင်လ နောက်ဆုံးပတ်တွင် အလုပ်အမှုဆောင် ကမ္မတီအဖွဲ့ အစည်းအဝေး ထပ်မံ ကျင်းပမည်ဟု သိရပြီး အသင်းအဖွဲ့ မှတ်ပုံတင်ရေးကိစ္စ ဆက်လက် ဆွေးနွေးကြမည် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks