Friday, March 13, 2026
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေး ကမ်းလှမ်းချက် မဟုတ်မှန်ကြောင်း မွန်ပြည်သစ် ငြင်းဆို

    ငြိမ်းချမ်းရေး ကမ်းလှမ်းချက် မဟုတ်မှန်ကြောင်း မွန်ပြည်သစ် ငြင်းဆို

    -

    လွတ်လပ်သော မွန်သတင်း အေဂျင်စီ – မိမိတို့ ပါတီအနေနှင့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်ကို ငြိမ်းချမ်းရေး ဆွေးနွေးရန် စတင်ကမ်းလှမ်းထားသည် ဆိုသည့် ကောလာဟလမှာ မဟုတ်မှန်ကြောင်း မွန်ပြည်သစ်ပါတီက ငြင်းဆိုသည်။

    မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်က ငြိမ်းချမ်းရေး ဆွေးနွေးရန် ဝန်ကြီးချုပ် ဦးအုန်းမြင့်ထံ စာရေးသား ပေးပို့ခဲ့သည်ဟု ဝန်ကြီးချုပ်က မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင်အချို့ကို ပြောကြားခဲ့ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ သတင်းရပ်ကွက်က ဆိုပါသည်။

    မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး နိုင်ထောမွန် ပါတီဗဟိုဝန်းကျင်ဒေသတွင် ကျင်းပသည့် ၆၃ ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် မိန့်ခွန်း ပြောကြားစဉ် ( ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
    မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး နိုင်ထောမွန် ပါတီဗဟိုဝန်းကျင်ဒေသတွင် ကျင်းပသည့် ၆၃ ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် မိန့်ခွန်း ပြောကြားစဉ် ( ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

    မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက “ကျနော်တို့ ဥက္ကဌက သူ (ဦးအုန်းမြင့်) နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးချင်တယ် ဆိုတဲ့ဟာက လုံးဝကို မဟုတ်ပါဘူးလို့ ကျနော် ပြောနိုင်ပါတယ်။ ကျနော်တို့ ငြိမ်းချမ်းရေး ယူခဲ့တာ ၁၅ နှစ်တောင် ကျော်ခဲ့ပြီ၊ ခုလိုချိန်ရောက်မှ သူနဲ့ ဆွေးနွေးဖို့ အကြောင်းမရှိတော့ပါဘူး” ဟု ပြောသည်။

    မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် ယခင်စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ငြိမ်းချမ်းရေး သဘောတူညီချက် ပျက်ပြားခဲ့သည်။

    ဦးအုန်းမြင့်က အစိုးရသစ် စတင်ဖွဲ့စည်းစသာ ဖြစ်သည့်အတွက် မိမိအနေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် စောလွန်းသေးကြောင်းနှင့် အနာဂတ်တွင် ငြိမ်းချမ်းရေး ဆွေးနွေးရန် စဉ်းစားသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုလည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီဝင်တဦးက ပြောသည်။

    “သူ (ဦးအုန်းမြင့်) က ကျနော်တို့ ပါတီဝင်တွေကို အဲဒီအကြောင်း ပြောသွားတယ်။ အထူးသဖြင့် မုဒုံမြို့နယ်ဘက်မှာပါ” ဟု အထက်ပါ ပါတီဝင်က ပြောသည်။

    “တောမှာ နေရတာထက်စာရင် မြို့မှာနေတာက ပိုကောင်းတယ်။ တကယ်လို့ မွန်ပြည်သစ်ပါတီက မြို့မှာ လာနေမယ်ဆိုရင် သူတို့ကို နေရာကောင်းကောင်းနဲ့ ပိုင်ဆိုင်မှုတွေ ကျနော်တို့ ပေးမယ်” ဟု ဦးအုန်းမြင့်က ပြောကြားခဲ့သည်ကို တဆင့်ခံ ကြားခဲ့ရသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြန်ပြောပြသည်။

    မွန်ပြည်သစ်ပါတီက မိမိတို့ တဖွဲ့တည်းအနေဖြင့် ငြိမ်းချမ်းရေးကိစ္စကို အစိုးရသစ်နှင့် ဆွေးနွေးသွားမည် မဟုတ်ဘဲ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အနေဖြင့်သာ ဆွေးနွေးသွားမည်ဟု ဆိုသည်။

    UNFC ကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ ကချင်အမျိုးသား အစည်းအရုံး KNO၊ ကရင်အမျိုးသား အစည်းအရုံး KNU ၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ္ဂ LDU၊ ညီညွတ်သော ရခိုင်အမျိုးသားပါတီ NUPA၊ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO၊ ဝ အမျိုးသား အဖွဲ့ချုပ် WNO၊ ချင်းအမျိုးသားတပ်ဦးCNF တို့ ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ဖြင့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စတင် ဖွဲ့စည်းခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks