Saturday, March 14, 2026
More
    spot_img
    Homeသတင်းဗုံးပေါက်ပြီးနောက် ဖုန်းလိုင်း အပိတ်ခံရ

    ဗုံးပေါက်ပြီးနောက် ဖုန်းလိုင်း အပိတ်ခံရ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ပြည်နယ် မုဒုံမြို့အနီးရှိ တယ်လီဖုန်း အိပ်ချိန်းရုံး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အာဏာပိုင်တို့က ထိုင်းကောလက် ဖုန်းလိုင်းများကို ၂ ရက်တာ ပိတ်ထားရန် ညွှန်ကြားထားသည်ဟု သိရသည်။

    မုဒုံမြို့ ကန်ကြီးဘုရား
    မုဒုံမြို့ ကန်ကြီးဘုရား

    “ပေါက်ကွဲမှု ဖြစ်ပြီးတော့ ဖုန်းလိုင်း ၂ ရက် ပိတ်ထားဖို့ သူတို့ လာပြောတယ်၊ ဒီနေ့က စပြီး ကျနော်တို့ ပြန်ဖွင့်တယ်” ဟု မုဒုံမြို့နယ်ရှိ ကျေးရွာတရွာမှ ထိုင်းကောလက်ဖုန်းလိုင်း သုံးနေသည့် ကိုချစ်အောင် က ပြောသည်။

    စနေနေ့ (မေလ ၁၄) ရက် နံနက်ပိုင်း ဗုံးပေါက်ကွဲချိန်မှ စ၍ အာဏာပိုင်တို့က အကြောင်းပြချက် မရှိပဲ မေလ ၁၅ ရက်နေ့ထိ ပိတ်ခိုင်းထားခြင်း ဖြစ်သည်။

    ပေါက်ကွဲမှု ဖြစ်စဉ်တွင် ဖောက်ခွဲရေးသမား ၅ ဦး ပါဝင်ပြီး ဖောက်ခွဲ ပစ်ခတ်မှုကြောင့် လုံခြုံရေး ရဲသားတဦး သေဆုံးကာ ရုံးဝန်ထမ်းအချို့ ဒဏ်ရာ ရရှိခဲ့ကြောင်း၊ မည်သည့်အဖွဲ့၏ လက်ချက် ဖြစ်သည်ကို မသိရသေးကြောင်း အိပ်ချိန်းရုံးနှင့် နီးစပ်သူ အမျိုးသမီးတဦးက ပြောသည်။

    ယခုပေါက်ကွဲမှုသည် မွန်ပြည်နယ် အစိုးရသစ် ဖွဲ့စည်းပြီးနောက် မွန်ပြည်နယ်အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲမှု ဖြစ်သည်။

    ယင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မုဒုံမြို့နယ်တွင် လုံခြုံရေး အမြောက်အမြား ချထားပြီး၊ မည်သည့်အဖွဲ့၏ လက်ချက် ဖြစ်သည်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောသည်။

    “စစ်တပ်တွေ ချထားတာ မုဒုံကနေ အဘစ်ရွာအထိပဲ” ဟု ယမန်နေ့က မော်လမြိုင်မြို့သို့ ခရီးထွက်ခဲ့သည့် နိုင်တင်အောင်က ပြောသည်။ မုဒုံမြို့နှင့် အဘစ်ရွာသည် ၁၅ မိုင်ခန့် ကွာဝေးသည်။

    ၎င်းပြင် စစ်တပ်မှ အရာရှိများနှင့် တပ်သားများကလည်း စစ်ဆေးရေးဂိတ်များတွင် ခရီးသည်များကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက် ရှိကြောင်း ခရီးသွားများထံမှ သိရသည်။

    “လူတိုင်းကို စစ်ဆေးတယ်၊ အထူးသဖြင့်တော့ ဆိုင်ကယ်အဖုံးကို ဖွင့်ခိုင်းတယ်” ဟု ရောင်းဒေါင်းရွာသားတဦးက ပြောသည်။

    လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် ဇူလိုင်လတွင်လည်း ၄င်းနည်းတူ အိပ်ချိန်ရုံးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဒေသခံ ကျေးရွာသားအချို့ ဖမ်းဆီးခဲ့ခြင်းကြောင့် ယခုပေါက်ကွဲမှုတွင်လည်း အလားတူ ဖမ်းဆီးခံရမည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks