Saturday, March 14, 2026
More
    spot_img
    Homeသတင်းသတင်းမီဒီယာများကြောင့် သုံးဆူမြို့ပေါ်ရှိ ခဲသတ္တုများ ပြောင်းရွှေ့ခံရ

    သတင်းမီဒီယာများကြောင့် သုံးဆူမြို့ပေါ်ရှိ ခဲသတ္တုများ ပြောင်းရွှေ့ခံရ

    -

    လွတ်လပ်သော မွန်သတင်း အေဂျင်စီ –  ထိုင်း – မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ်၌ ခဲသတ္တုရိုင်းများ စုပုံထားခြင်းကြောင့် ဒေသခံများ အန္တရာယ် ဖြစ်မည်ကို စိုးရိမ်နေကြကြောင်း သတင်းမီဒီယာများတွင် ဖေါ်ပြခဲ့ပြီးနောက် ခဲရိုင်းများကို မြို့ပေါ်မှ ပြောင်းရွှေ့လိုက်ပြီ ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

    ဘုရားသုံးဆူမြို့ တောင်ဝိုင်းရပ်ကွက်တွင် စုပုံချထားသည့် ခဲရိုင်းတုံးများ ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )
    မြို့ပြင်သို့ မရွှေ့ပြောင်းမီ ဘုရားသုံးဆူမြို့တွင် စုပုံထားသည့် ခဲသတ္တုရိုင်း ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

    လွန်ခဲ့သည့် မေလ ၃-၄-၅ ရက်နေ့များတွင် ပြည်ပအခြေစိုက် သတင်းဌာနများ ဖြစ်သည့် VOA, RFA, မဇ္စျိမ နှင့် လွတ်လပ်သော မွန်သတင်း အေဂျင်စီ သတင်းဌာနများက အဆိုပါသတင်းကို အသီးသီး ထုတ်ပြန်ခဲ့ပြီးနောက် မေလ ၈ ရက်နေ့တွင် သုံးဆူမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောင်းရွှေ့စေခဲ့ခြင်း ဖြစ်သည်။

    “မီဒီယာတွေရဲ့ ကျေးဇူးတွေကြောင့် အခုလို ပြောင်းရွှေ့လိုက်တဲ့အတွက် ကျနော်တို့ စိတ်အေးသွားကြပြီ၊ မီဒီယာတွေကို ကျေးဇူးတင်ပါတယ်” ဟု သုံးဆူမြို့ခံ တဦးက ပြောသည်။

    နေပြည်တော် သတ္တုတွင်း ဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကြည်က သက်ဆိုင်ရာ ကုမ္ပဏီ တာဝန်ရှိသူများကို ၎င်း၏ ရုံးတွင် ခေါ်ယူတွေ့ဆုံကာ ညွှန်ကြားခြင်း ဖြစ်ကြောင်း သုဇနပွင့် ကုမ္ပဏီ လီမိတက်မှ တာဝန်ခံတဦးက ပြောသည်။

    “ကျနော်တို့ ကုမ္ပဏီက ခဲတွေအားလုံး မြို့ပြင်ကို သယ်ထုတ်ပြီးပြီ” ဟု သူက ပြောသည်။ သုံးဆူမြို့ အရှေ့မြောက်ဘက် ၂ ကီလိုမီတာခန့် ဝေးသည့်နေရာသို့ ပြောင်းရွှေ့လိုက်ရခြင်း ဖြစ်သည်။

    အလားတူ အောင်မြေ၊ မြပန်း၊ အောင်ရွှေနှင့် နဝရတ်ကုမ္ပဏီများကလည်း မြို့ပြင်သို့ သယ်ထုတ်ခဲ့ကြပြီး တောင်ဝိုင်းရပ်ကွက် ဥဒေါင်းကန်အနီးရှိ သပြုကုမ္ပဏီပိုင် ခဲများမှာ ပြောင်းရွှေ့ခြင်း မရှိသေးကြောင်း မြို့ခံများက ပြောသည်။

    သတ္တု တူးဖော်သည့် ကုမ္ပဏီများက ကရင်အမျိုးသား အစည်းအရုံး (ကေအင်ယူ) နယ်မြေအတွင်းမှ ခဲသတ္တုများကို တူးဖော်ရန်အတွက် သတ္တုတွင်း ဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့်အတူ ကေအင်ယူနှင့် နားလည်မှု ရယူကြရသည်။

    ခဲသတ္တု တူးဖော်ရေး လုပ်ငန်းကို လွန်ခဲ့သည့် ၂၀၀၃ -၂၀၀၄ ခုနှစ်တွင် သပြုသတ္တုတွင်း ကုမ္မဏီ လီမိတက်မှ စတင်လုပ်ဆောင်ခဲ့ပြီး ဘုရားသုံးဆူမြို့ တောင်ဝိုင်းရပ်ကွက် (ရပ်ကွက် ၄) တွင် ခဲသန့်စင်စက်ရုံကို ဆောက်လုပ်ခဲ့သည်။

    ၂၀၀၅ ခုနှစ်တွင် ခဲမှ စိမ့်ထွက်လာသည့် ရေကြောင့် ဒေသအတွင်းရှိ ရေတွင်း၊ ရေကန်များထဲသို့ ခဲဓါတ်များ စိမ့်ဝင်ပြီး ငါးနှင့် တိရစ္ဆာန်များ သေဆုံးခြင်း၊ လူများ ရောဂါဝေဒနာ ခံစားရခြင်းတို့ကြောင့် အာဏာပိုင်များက ခဲသန့်စင် စက်ရုံကို ပိတ်ပစ်ခဲ့သည်။

    ခဲစစ် ၄ဝ ရာခိုင်နှုန်း ပါဝင်သည့် ခဲသတ္တုရိုင်း တတန်လျှင် ထိုင်းဘတ်ငွေ ၂ သောင်းမှ ၃ သောင်းကြား ပေါက်စျေးဖြင့် ထိုင်းကုမ္ပဏီများက ဝယ်ယူကြပြီး ဘုရားသုံးဆူဒေသထွက် ခဲသတ္တုရိုင်းများမှာ ခဲစစ် ၄၀ ရာခိုင်နှုန်း မပြည့်ကြောင်း ကုမ္ပဏီနှင့် နီးစပ်သူများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks