Homeသတင်းထိုင်းအလုပ်သမား မှတ်ပုံတင် ပြုလုပ်ရန် မြန်မာရွှေ့ပြောင်း အလုပ်သမားများ စိတ်ဝင်စား

ထိုင်းအလုပ်သမား မှတ်ပုံတင် ပြုလုပ်ရန် မြန်မာရွှေ့ပြောင်း အလုပ်သမားများ စိတ်ဝင်စား

-

လွတ်လပ်သော မွန်သတင်း အေဂျင်စီ –  ထိုင်းအစိုးရ ပြုလုပ်ပေးမည့် တရားဝင် အလုပ်လုပ်ခွင့် လက်မှတ် (work permit) ကိစ္စအား ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အထူးစိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံ မဟာချိုင်ရှိ ပုစွန်အန်လုပ်ရုံမှ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ (ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
ထိုင်းနိုင်ငံ မဟာချိုင်ရှိ ပုစွန်အန်လုပ်ရုံမှ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ (ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

“ကျနော်က အသစ်ရောက်လာတာမို့ဘာလက်မှတ်မှ မရှိဘူး၊ ဒါကြောင့် ဘယ်ကိုမှ မသွားလာရဲဘူး၊ အခု work permit လုပ်ဖို့ စာရင်းသွင်းထားပြီးပြီ၊ ဘယ်လောက်ပဲ ကုန်ကျပါစေ၊ အေးအေးဆေးဆေး နေထိုင်ရဖို့အတွက် လုပ်ကို လုပ်ရမှာပဲ” ဟု အလုပ်လုပ်ခွင့် လက်မှတ် မရှိသေးသူ မင်းဘလိုင်က ပြောသည်။

ရာဘာစေးခြစ် လုပ်သား မင်းခိုင်ဦး ကလည်း “အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ရရှိဖို့ သူဌေးကို ပြောထားပြီးပြီ၊ ဒီလက်မှတ် ရပြီးမှ ပတ်စပို့ လုပ်လို့ရမယ်၊ ပတ်စပို့ ရပြီးရင်တော့ မြို့ကြီးတွေဘက်ကို အလည်တခေါက်လောက် သွားချင်တယ်” ဟု ဆိုသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ် လုပ်ကိုင်နေသူများအား တနှစ်သက်တမ်း တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ထုတ်ပေးရန် ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့တွင် ထိုင်းအစိုးရက ဆုံးဖြတ်ချက် ချခဲ့ကြောင်း Bangkok post သတင်းစာ၌ ရေးသား ဖေါ်ပြခဲ့သည်။

လာမည့် ဇွန်လတွင် ပြုလုပ်ပေးမည်ဟု သိရပြီး လက်မှတ် မရှိသေးသော အလုပ်သမား အများအပြား စာရင်းပေးသွင်းထားကြကာ တဦးလျှင် ဘတ်ငွေ ၅၈၀၀ ခန့် ကုန်ကျကြောင်း အလုပ်သမားများထံမှ သိရသည်။

ယခုအကြိမ် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ထုတ်ပေးခြင်းသည် နောက်ဆုံးအကြိမ် ဖြစ်နိုင်သည်ဟု Bangkok post သတင်းစာ၌ ရေးသားဖေါ်ပြသည်။

“work permit မရှိ၊ ပတ်စပို့ မရှိရင် ဘယ်ကိုမှ သွားလို့ မရဘူး။ ရဲတွေ ဖမ်းမိရင် ဒဏ်ငွေ ဘတ်နှစ်သောင်း သုံးသောင်းလောက် ဆောင်ရမယ်၊ မပေးနိုင်ရင်တော့ ပြန်အပို့ခံရမယ်။ ဒါ့ကြောင့် အေးအေးဆေးဆေး အလုပ်လုပ်ပြီး နေထိုင်နိုင်ဖို့ အားလုံးလိုလို လက်မှတ် လုပ်ကြတာချည်းပဲ” ဟု အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ရရှိထားသူတဦးက ပြောသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖွန်ဒေသရှိ ရာဘာခြံ လုပ်သား မင်းဗညားချမ်းကလည်း “ကျနော့် အသိတွေ တော်တော်များများ ပတ်စပို့ ရှိကြတယ်၊ သူတို့နေရပ် ပြန်ရင် ဘတ် ၈၀၀ ပဲ ကုန်တယ်၊ ဒါကြောင့် ဒီအလုပ်လုပ်ကိုင်ခွင့် လက်မှတ်ကိစ္စကို ကျနော် သိပ်စိတ်ဝင်စားတယ်” ဟု ပြောသည်။

အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ရရှိပြီးသူများ တနှစ်တကြိမ် သက်တမ်း တိုးရမည် ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် သက်တမ်းတိုးရန် အလုပ်သမား ၉၃၂ ၂၅၅ ဦး စာရင်း သွင်းထားသော်လည်း ယခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက် သက်တမ်းတိုး ကုန်ဆုံးချိန်ထိ ၇၀၆ ၄၄၅ ဦးသာ သက်တမ်းတိုးခဲ့ပြီး ၂၂၅ ၈၁၀ ဦး ပျက်ကွက်ခဲ့ကြောင်း လွန်ခဲ့သည့် မတ်လ ၁၀ ရက်နေ့တွင် ထိုင်းအလုပ်သမားရေးရာ ဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံရှိ နိုင်ငံခြားသား အလုပ်သမားများအနက် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ အလုပ်သမား ၂ သန်းနှင့် ၃ သန်းကြား ရှိနိုင်ကြောင်း Bangkok post သတင်းစာက ခန့်မှန်းရေးသားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts