Friday, March 13, 2026
More
    spot_img
    Homeအယ်ဒီတာ့အာဘော်ပြည်ထောင်စု အတုအယောင်နှင့် ပြည်တွင်းစစ်သစ်

    ပြည်ထောင်စု အတုအယောင်နှင့် ပြည်တွင်းစစ်သစ်

    -

    မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကာလမှ စတင်၍ မိမိတို့၏ အမျိုးသားအခွင့်အရေးအတွက် တိုင်းရင်းသားများမှာ နှစ်ပေါင်း (၆၀) ကျော် လက်နက်ကိုင်တိုက်ပွဲ၊ ပြည်တွင်းတိုက်ပွဲ နည်းလမ်းမျိုးစုံနှင့် တိုက်ပွဲဝင်ခဲ့သည်။ 

    တိုင်းရင်းသားတို့၏ တောင်းဆိုချက်ကား ”မိမိတို့၏ ကံကြမ္မာကို မိမိတို့ ကိုယ်တိုင်ဖန်တီးခွင့်” ရရှိရေးနှင့် ဗမာလူမျိုးအပါအဝင် တိုင်းရင်းသားအားလုံး၏ တန်းတူမှု အခွင့်အရေးအပေါ် မူတည်ပြီး စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးပင် ဖြစ်သည်။

    တိုင်းရင်းသားလူမျိုးတို့၏ တောင်းဆိုချက်အပေါ် မျက်လှည့်ပြသည့် အနေဖြင့် (၂၀၀၈) ခုနှစ်တွင် စစ်တပ်မှ ပြည်ထောင်စု အတုအယောင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတရပ်ကို ရေးဆွဲခဲ့ပေသည်။ (၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကား တန်းတူရေးကို ဦးစားမပေး၊ တိုင်းဒေသကြီး (၇) ခုနှင့် တိုင်းရင်းသား ပြည်နယ် (၇) ခုအပေါ် မူတည်ပြီး ဖွဲ့ စည်းပုံကို ရေးဆွဲထားခြင်းကား မွန်၊ ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း၊ ရှမ်း၊ ရခိုင်တို့ တကျပ်စီရသည့် အချိန်တွင် ဗမာမှ (၇) ကျပ် အပိုင်စီးသွားသည့် သဘော ဖြစ်ပေသည်။

    ထို့အပြင် တိုင်းရင်းသား ပြည်နယ်များတွင်လည်း ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရများကို ဖွဲ့စည်းထူထောင်ခွင့် ပေးထားခြင်းသည် ဖက်ဒရယ်ပြည်ထောင်စု အုပ်ချုပ်ရေးသဏ္ဍာန် ဖန်တီးထားပေသည်။ သို့သော် ထိုပြည်နယ်များတွင် ပြည်နယ်လွှတ်တော်၏  ဥပဒေပြုအာဏာ၊ အစိုးရ၏ အုပ်ချုပ်အာဏာကို ဗဟိုအဆင့်မှ အထူးပင် ထိန်းချုပ်ထားပေသည်။ ၄င်းတိုမှာ လွတ်လပ်မှု မရှိပေ။ ရုပ်ပြအစိုးရနှင့် ရုပ်ပြလွှတ်တော် သဏ္ဍာန်ပင် ဖြစ်ပေသည်။

    လွှတ်တော်အဆင့်ဆင့် (ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်) တို့တွင် အတိုက်အခံပုံစံကို မဖန်တီးထားပေ။ အထွေထွေကိစ္စများကိုလည်းကောင်း၊ အစိုးရ၏ လုပ်ငန်း အကောင်အထည်ဖော်မှု ကိစ္စများကို ထောက်ပြရာတွင်လည်းကောင်း အကန့်အသတ်များစွာ ထားရှိထားပေသည်။ ပြည်နယ်လွှတ်တော်နှင့် အစိုးရ၏ လုပ်ပိုင်ခွင့်များကိုလည်း ဗဟိုအစိုးရမှ အကန့်အသတ်များစွာနှင့် ထားရှိထားသည့်အတွက် ပြည်နယ်ဒေသအတွင်းရှိ လူထုတို့၏ တောင်းဆိုချက်ကို မဖြည့်ဆည်းပေးနိုင်ပေ။

    လက်ရှိ ”ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ” အစိုးရသည် ပြည်ထောင်စု အတုအယောင် မြန်မာနိုင်ငံအား အုပ်ချုပ်ကာ၊ တဖက်တွင် ဗမာ့စစ်တပ် အင်အားကြီးမားလာအောင် ဆောင်ရွက်ထားပေသည်။ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတို့အပေါ် သွေးကွဲအုပ်ချုပ်ရေးစနစ် ကျင့်သုံးပြီး အင်အားချည့်နဲ့အောင် ဆောင်ရွက်နေပေသည်။ တချိန် တည်းတွင် အချို့အဖွဲ့ကို ဗမာ့တပ်မတော်အုပ်ချုပ်မှု လက်အောက်သို့ ရောက်သွားအောင် ဆောင်ရွက်နေပေသည်။

    ဤကဲ့သို့သော အနေအထားတွင် ရွေးကောက်ပွဲအပြီး၊ စစ်အစိုးရက အစိုးရသစ် ဖွဲ့စည်းနိုင်သည့်တိုင် ပြဿနာမှာ ဆက်လက်တင်ရှိဆဲ ဖြစ်ပေသည်။ တိုင်းရင်းသား ပြည်သူများအပေါ် တန်းတူအခွင့်အရေး မပေးအပ်သရွေ့၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ မဆွေးနွေးသရွေ့၊ မြန်မာနိုင်ငံအတွင်း တည်ငြိမ်မှု ရှိမည် မဟုတ်ပေ။

    အစိုးရသစ်သည် ပြည်တွင်းစစ်သစ်အတွက် စစ်သုံးစရိတ်များစွာ ပေးအပ်နေရသည့်အတွက် တိုင်းပြည်၏ ဖွံ့ဖြိုးရေး၊ စီးပွားရေး ကိစ္စများကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ တိုင်းရင်းသားဒေသများ တွင်လည်း ပြည်တွင်းစစ်ကြောင့် ပြည်သူများမှာ အိုးမဲ့အိမ်မဲ့ဘဝဖြင့်  ဆက်လက်ဒုက္ခရောက်ကြဦးမည် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks