Homeသတင်းမိခင်ဘာသာစာပေ သင်ကြားရေးစနစ် တိုင်းရင်းသားပါတီများ ပူးပေါင်း တောင်းဆိုမည်

မိခင်ဘာသာစာပေ သင်ကြားရေးစနစ် တိုင်းရင်းသားပါတီများ ပူးပေါင်း တောင်းဆိုမည်

-

လွတ်လပ်သော မွန်သတင်း အေဂျင်စီ – ပြည်နယ်အသီးသီးရှိ သက်ဆိုင်ရာ အစိုးရ စာသင်ကျောင်းများ၌ မိခင်ဘာသာစာပေ ပညာသင်ကြားခွင့် ရရှိရန် အစိုးရသစ်ထံ တိုင်းရင်းသားပါတီများ ပူးပေါင်း တောင်းဆိုသွားမည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ခေါင်းဆောင်က ပြောသည်။

ဗမာစကားမတတ်သူနှင့် ဗမာစကားပြောဆိုတတ်သူ ကျောင်းသားလူငယ်များ ဗမာစာ သင်ကြားနေမှု အခြေအနေများကို လေ့လာသုံးသပ် ဆွေးနွေးပြီး အစိုးရသစ်ထံ တင်ပြသွားမည်ဟု သိရသည်။

“ပြီးခဲ့တဲ့ နေပြည်တော်က လွှတ်တော်အစည်းအဝေးမှာ ဒေါက်တာဗညားအောင်မိုး တကြိမ် တင်ပြခဲ့ပြီးပါပြီ၊ ဒါပေမဲ့ ဟိုက မေးလာတဲ့ အချက်အလက်တွေကို ပြန်ပြီး မတင်ပြနိုင်ခဲ့ဘူး၊ ဒီအခါမှာတော့ အချက်အလက်တွေ သေသေချာချာ စုဆောင်းပြီးမှ တင်ပြသွားမယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်း က ပြောသည်။

ဗမာစကား မတတ်သည့် တိုင်းရင်းသား လူငယ်များအား ဗမာစာကို ဇွတ်အတင်း သင်ကြားပေးပါက အခက်အခဲများစွာ ကြုံတွေ့ကြရသည့်အတွက် ကနဦး ကျောင်းနေစအရွယ်တွင် သက်ဆိုင်ရာ မိခင်တိုင်းရင်းသားစာပေကိုသာ သင်ကြားပေးစေသင့်ကြောင်း နိုင်ငွေသိန်းက ပြောသည်။

“ဗမာစကား မတတ်တဲ့ ကလေးကို ဗမာစာ သင်ကြားပေးနေတဲ့ လုပ်ရပ်ဟာ တိုင်းရင်းသားခလေးတွေကို တမင်သက်သက် ညှင်းဆဲရာ ရောက်တယ်။ ဒါဟာ လူအခွင့်အရေး ချိုးဖေါက်မှုတရပ် ဖြစ်တယ်” ဟု သူက ပြောသည်။

“ကျနော်တို့ ဒေသဘက်မှာ နည်းနည်းခံသာ သေးတယ်၊ ပညာရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်စဉ် ကျနော်ရောက်ဖူးခဲ့တဲ့ ကချင်ပြည်နယ်က အချို့ဒေသမှာဆိုရင် ဗမာစကား မဆိုနဲ့ဦး၊ ဗမာလူမျိုးကိုတောင် မမြင်ဘူးကြဘူး၊ ဒီလိုဒေသတွေမှာ ဗမာစာကို ဇွတ်အတင်း သင်ကြားပေးနေရင် အားလုံး အဟောသိကံ ဖြစ်သွားမှာပေါ့” ဟု အငြိမ်းစား အထက်မြန်မာပြည် အခြေခံပညာရေးဌာန ညွှန်ကြားရေးမှူး နိုင်ငွေသိန်းက သူ၏ အတွေ့အကြုံကို ပြန်လည်ပြောပြသည်။

သက်ဆိုင်ရာ ပြည်နယ်ဒေသအလိုက် ပညာရေး အလုပ်ရုံ ဆွေးနွေးပွဲ Workshop များ ပြုလုပ်ပြီး တိုင်းရင်းသားပါတီအားလုံး စုပေါင်းကာ ရန်ကုန်မြို့၌ Workshop တဖန် ထပ်မံပြုလုပ်ပြီးမှသာ အစိုးရသစ်ထံ တင်ပြမည်ဟု သိရသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အနေဖြင့် ယခုမေလ ၁၄ ရက်နောက်ပိုင်း၌ ပညာရေး အလုပ်ရုံ ဆွေးနွေးပွဲများကို သက်ဆိုင်ရာ မြို့နယ်အလိုက် စည်းရုံး ပြုလုပ်သွားရန် အစီအစဉ်များ ချမှတ်ထားပြီး နောက်ဆုံးတွင် ပါတီဗဟိုရုံး၌ အပြီးသတ် ဆွေးနွေးပွဲတခု ကျင်းပသွားမည်ဟု ပါတီခေါင်းဆောင်က ဆက်ပြောသည်။

ယခုမေလကုန်ပိုင်း၌ တိုင်းရင်းသားပါတီ ၅ ဖွဲ့က ပညာရေးဆိုင်ရာများနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် ပြန်လည်ဆွေးနွေးကြမည်ဟု သိရသည်။

အဆိုပါတိုင်းရင်းသားပါတီများတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၊ ချင်းအမျိုးသားပါတီ (CNP) ၊ ရှမ်း ကျားဖြူပါတီ ခေါ် ရှမ်းအမျိုးသား ဒီမိုကရက်တစ်ပါတီ (SNDP) နှင့် ဖလုံစဝေါ ဒီမိုကရက်တစ်ပါတီတို့ ပါဝင်ကြသည်။

ဖဆပလ အစိုးရလက်ထက်တွင် သက်ဆိုင်ရာ တိုင်းရင်းသားများအတွက် ၄င်းတို့၏ စာပေများကို အစိုးရ မူလတန်းအဆင့်၌ အပိုဘာသာရပ်အဖြစ် သင်ကြားခွင့် ရှိခဲ့ပြီး ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် သင်ကြားခွင့် ပိတ်ပင်ခဲ့သည်။

ထို့အပြင် မဆလ အစိုးရလက်ထက်၌ တိုင်းရင်းသားစာပေ ကျောင်းသုံးစာအုပ်များ ပြဌာန်းရိုက်နှိပ်ခဲ့သော်လည်း သက်ဆိုင်ရာ စာသင်ကျောင်းများ၌ တိုင်းရင်းသားစာပေ သင်ကြားခွင့်ကို အကောင်အထည် မဖေါ်နိုင်ခဲ့ပေ။

ဆက်စပ်သတင်း

1 COMMENT

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts