spot_img
Friday, March 14, 2025
More
    spot_img
    Homeသတင်းမီးပျက်၍ ကျောင်းသား သံဃာများ ဆူပူမည်ကို အာဏာပိုင်များ စိုးရိမ်

    မီးပျက်၍ ကျောင်းသား သံဃာများ ဆူပူမည်ကို အာဏာပိုင်များ စိုးရိမ်

    -

    မင်းတော်လ၀ီ – စာမေးပွဲ ဖြေဆိုနေစဉ် မတ်လ ၂၅ ရက်နေ့မှ ယနေ့တိုင် လျှပ်စစ်မီး ပြတ်တောက်နေခြင်းကြောင့် တက္ကသိုလ်ကျောင်းသားများနှင့် သံဃာတော်များ ဆူပူဆန္ဒပြလာမည်ကို အာဏာပိုင်များ အထူးစိုးရိမ်လျက် ရှိကြောင်း မော်လမြိုင်မြို့ခံများက ပြောသည်။

    “ဆယ်တန်းကျောင်းသားတွေ စာမေးပွဲ ဖြေနေတုန်းကလည်း မီးပျက်လို့ တက္ကသိုလ်ကျောင်းသားတွေ ငန်းတေးမီးစက်နဲ့ လျှပ်စစ်ရုံးကို ခဲနဲ့ထုတယ်။ အခုလည်း အဲဒီလို ဖြစ်လာမှာ စိုးလို့ ဘီးလင်းမှာ တာဝါတိုင် ဗုံးခွဲခံရတယ်လို့ သတင်းလွှင့်ထားတယ်” ဟု မော်လမြိုင်မြို့ခံ ကျောင်းသားမိဘတဦးက ပြောသည်။

    မော်လမြိုင် မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်း တဦးကလည်း “ဘီးလင်းမှာ တာဝါတိုင် လဲသွားတော့ မဟာဓါတ်အားလိုင်း ပြတ်သွားတယ်။ ပြင်နေတုန်းပဲ။ မီးပျက်တဲ့ အကြောင်းကို မော်လမြိုင်မြို့မှာ လိုက်ကြေညာထားတယ်” ဟု ပြောသည်။ သို့သော်လည်း မည်သည့်အကြောင်းကြောင့် တာဝါတိုင် လဲရသည်ကို ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

    တာဝါတိုင် ပျက်စီးခြင်းကြောင့် မော်လမြိုင်မြို့နယ် အပါအဝင် ဘီးလင်း၊ သထုံ၊ ပေါင်မြို့နယ်များတွင် လျှပ်စစ်မီး ပြတ်တောက်နေရကြောင်း အထက်ပါဝန်ထမ်းက ပြောသည်။

    တက္ကသိုလ် စာမေးပွဲကို မတ်လ ၂၁ ရက်နေ့မှ ဘာသာရပ်အလိုက် ယနေ့တိုင် ဆက်လက်ဖြေဆိုနေပြီး ပြည်နယ် ပထမပြန် စာမေးပွဲကို မတ်လ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ ဖြေဆိုခဲ့သည်။ ဓမ္မာစရိယ စာမေးပွဲကို ယနေ့တွင် စတင်ဖြေဆိုပြီး တပတ်ခန့် ကြာမြင့်မည် ဖြစ်သည်။

    သို့သော်လည်း ကျောင်းသားများနှင့် သံဃာတော်များ ဆူပူမှုမရှိပဲ ပထမပြန် စာမေးပွဲကို အေးဆေးစွာ ဖြေဆိုခဲ့ကြောင်း မော်လမြိုင်မြို့ မြစေတီစာသင်တိုက်မှ စာချဆရာတော်တပါးက မိန့်သည်။

    တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုစဉ် ယခုလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင်လည်း ၂ ရက်ဆက်တိုက် လျှပ်စစ်မီး ပြတ်တောက်ခဲ့ခြင်းကြောင့် မော်လမြိုင် တက္ကသိုလ် ကျောင်းသား အယောက် ၅၀ ခန့် မော်တော်ဆိုင်ကယ် ကိုယ်စီဖြင့် မြို့လှည့်ကာ ငန်းတေးလျှပ်စစ်ဓါတ်အားပေးစက်ရုံနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးကို ခဲဖြင့်ပစ်ပေါက်ခဲ့ကြသေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,400SubscribersSubscribe
    spot_img

    Latest posts