Homeသတင်းမော်လမြိုင်ခရိုင် နွေစပါးစိုက်ဧက လျာထားချက် မပြည့်မီ

မော်လမြိုင်ခရိုင် နွေစပါးစိုက်ဧက လျာထားချက် မပြည့်မီ

-

မင်းတော်လ၀ီ – ယခုနှစ် မွန်ပြည်နယ် မော်လမြိုင်ခရိုင် မြို့နယ် ၆ မြို့နယ်ရှိ နွေစပါး စိုက်ပျိုးရေး စီမံကိန်း လျာထားချက် မပြည့်မီကြောင်း ခရိုင်စိုက်ပျိုးရေးရုံးမှ စာရင်းဇယားအရ သိရသည်။

ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ မြစ်ရေတင် နွေစပါး စိုက်ကွက်တခု (ဓါတ်ပုံ- လွတ်လပ်သော မွန်သတင်း အေဂျင်စီ)

ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ မြစ်ရေတင် နွေစပါး စိုက်ကွက်တခု (ဓါတ်ပုံ- လွတ်လပ်သော မွန်သတင်း အေဂျင်စီ)

ယခုနှစ်တွင် နွေစပါးစိုက်ဧက ၈၁၀၆၀ ပြည့်မီရန် လျာထားသော်လည်း ဖေဖေါ်ဝါရီလ နွေစပါးစိုက်ရာသီကုန်ထိ ၇၈၀၂၇ ဧကသာ စိုက်ပျိုးနိုင်ပြီး ဧက ၃၀၀၀ ကျော် လျော့နည်းနေကြောင်း သိရသည်။

မော်လမြိုင်ခရိုင် နွေစပါးစိုက်ရန်အတွက် ကျိုက်မရောမြို့နယ် ၅၅၆၀၀ ဧက၊ မော်လမြိုင်မြို့နယ် ၂၅၀၀ ဧက၊ ချောင်းဆုံမြို့နယ် ၃၆၀ ဧက၊ မုဒုံမြို့နယ် ၁၁၅၅၀ ဧက၊ သံဖြူဇရပ်မြို့နယ် ၂၇၅၀ ဧကနှင့် ရေးမြို့နယ် ၈၃၀၀ ဧက လျာထားသည်။

လက်ရှိ ဖေဖေါ်ဝါရီလကုန်ထိ စိုက်ပျိုးပြီး စာရင်းမှာ ကျိုက်မရောမြို့နယ် ၅၄၇၃၆ ဧက၊ မော်လမြိုင်မြို့နယ် ၂၀၅၇ ဧက၊ ချောင်းဆုံမြို့နယ် ၃၁၆ ဧက၊ မုဒုံမြို့နယ် ၁၀၇၉၆ ဧက၊ သံဖြူဇရပ်မြို့နယ် ၂၄၁၅ ဧကနှင့် ရေးမြို့နယ် ၇၇၀၅ ဧက ဖြစ်သည်။

စိုက်ဧက လျော့နည်းရခြင်းမှာ ကုန်ကျစရိတ် များပြားခြင်း၊ ရေလုံလောက်မှု မရနိုင်ခြင်း၊ လယ်လုပ်သား ရှားပါးခြင်းနှင့် စပါးအထွက်နည်းပြီး အရှုံးပေါ်နေခြင်းတို့ကြောင့် ဖြစ်ကြောင်း မုဒုံမြို့နယ် ကွမ်တာကွင်းမှ နွေစပါးစိုက် လယ်သမားတဦးက ပြောသည်။

“နွေစပါးက မှန်းသလောက် မထွက်ဘူး။ လယ်မြေက ပြဿနာ ရှိလာပြီ။ စပါးဆက်တိုက် စိုက်လာတော့ မြေဆီမြေနှစ် ခန်းလာတယ်။ ဝဲ (ဓါတ်မြေသြဇာ) ထည့်များတော့လည်း မြေကြီး ပျက်လာသလိုပဲ။ နောက်ပြီး ဝဲဖိုး၊ ဒီဇယ်ဖိုးနဲ့ ထွက်တဲ့စပါး မမျှတော့ အရှုံးပေါ်တယ်။ တွက်ခြေမကိုက်ဘူး” ဟု အထက်ပါ လယ်သမားက ပြောသည်။

မုဒုံမြို့နယ်တွင် သဘာ၀ ရေအရင်းအမြစ် ချောင်းပိတ်မြောင်းပိတ်ရေကို အသုံးပြုပြီး အတော်အတန် စိုက်ပျိုးနိုင်သော်လည်း ဆည်ရေသောက် စိုက်ခင်းများကို လျာထားသကဲ့သို့ မစိုက်နိုင်ကြောင်း၊ အဇင်းဆည်၊ ၀င်းဖနုံဆည် ၂ ခု အနက် အဇင်းဆည်ကိုသာ အဓိကထားပြီး စိုက်ပျိုးနိုင်ကြောင်း မုဒုံမြို့နယ် ကလော့သော့ရွာမှ လယ်သမားတဦးက ပြောသည်။

“၀င်းဖနုံဆည်က နွေစပါးကို နှစ်စဉ် ဧက ၁၅၀၀ လောက် လျာထားတာပဲ၊ တကယ်တမ်း စိုက်တဲ့ လယ်သမားက နည်းတယ်၊ တပ်က အနည်းအကျဉ်း စိုက်တယ်၊ နောက်ပြီး မြေမညီတော့ ရေပေးေ၀လို့ မရောက်ဘူး၊ နောက်တခုက တွက်ခြေကိုက်တဲ့ ရာဘာကိုပဲ အားထားပြီး လုပ်တော့ နွေစပါးကို မစိုက်လိုကြဘူး” ဟု အထက်ပါ လယ်သမားက ပြောသည်။

မုဒုံမြို့နယ်တွင် ဆည်ရေသောက် နွေစပါး စိုက်ပျိုးနိုင်သည့် လယ် ၁၆၆၉ ဧက ရှိသည့်အနက် ၈၅၀ ဧကသာ စိုက်ပျိုးလျက် ရှိကြောင်း မော်လမြိုင်ခရိုင်ရုံးမှ စိုက်ပျိုးရေး၀န်ထမ်း၏ အဆိုအရ သိရသည်။

ကျိုက်မေရောမြို့နယ်သည် မော်လမြိုင်ခရိုင်တွင် နွေစပါး စိုက်ဧက အများဆုံးဖြစ်ပြီး အတ္ထရံမြစ် သဘာ၀သွင်းရေဖြင့် ဧက ၄၀၀၀၀ ကျော် စိုက်ပျိုးလျက် ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts