spot_img
Wednesday, July 30, 2025
More
    spot_img
    Homeသတင်းမွန်တေးဂီတအဖွဲ့ ထိုင်းနိုင်ငံ မွန်အမျိုးသားနေ့တွင် လာရောက် ဖျော်ဖြေ

    မွန်တေးဂီတအဖွဲ့ ထိုင်းနိုင်ငံ မွန်အမျိုးသားနေ့တွင် လာရောက် ဖျော်ဖြေ

    -

    မင်းတော်လ၀ီ -မွန်ပြည်နယ်တွင် အကျော်ကြားဆုံး ဖြစ်သည့် “ဂီတမွန်” မွန်တေးဂီတအဖွဲ့ ထိုင်းနိုင်ငံရှိ မွန်ရွှေ့ပြောင်း အလုပ်သမား အများစု နေထိုင်သည့် မဟာချိုင်တွင် ကျင်းပသည့် ၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် လာရောက်ဖျော်ဖြေခဲ့သည်။

    ဂီတမွန် ဝိုင်းတော်သားများ မဟာချိုင် မွန်အမျိုးသားနေ့တွင် ဖျော်ဖြေနေစဉ် (ဓါတ်ပုံ-ရာမည အလုပ်သမား သမဂ္ဂ)

    “ကိုယ့်ရဲ့ အမျိုးသား အမွေအနှစ်တွေကို ပြန်ပြီး သတိရကြဖို့၊ နောက်တော့ ကိုယ့်ရဲ့ မွန်တေးဂီတကို စုစုစည်းစည်း ပျော်ပျော်ပါးပါး  နားဆင်ကြဖို့ ဆိုပြီး ဂီတမွန် တေးဂီတအဖွဲ့ကို ဖိတ်ခေါ်လိုက်တာပဲ” ဟု အခမ်းအနား ကျင်းပရေး ကော်မတီဝင် နိုင်ထိုင်က ပြောသည်။

    ဂီတမွန် တေးဂီတအဖွဲ့တွင် ခေါင်းဆောင် အဆိုတော် ပါမောက္ခချမ်း အပါအဝင် လရီခေတ်၊ အဗ္ဘဏ်၊ အိုင်းစွန်း၊ အနာဂတ်၊ နဒီ အဆိုတော် ၆ ဦး၊ တီးခတ်သူ ၄ ဦးနှင့် အဖွဲ့အတွင်းရေးမှူးတဦး ပါ၀င်ပြီး ဖေဖေါ်၀ါရီလ ၁၈ ရက် နှင့် ၁၉ ရက် ညများတွင် ၀ပ်သီရိမွန်ခွမ် (သီရိမင်္ဂလာ) မွန်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းတွင် ဖျော်ဖြေခဲ့သည်။

    ပထမညတွင် အလုပ်နားရက် မဟုတ်သဖြင့် ပရိသတ် ၇၀၀ ကျော်သာ အားပေးကြပြီး၊ ဒုတိယည စနေအလုပ်ပိတ်ရက်နှင့် မွန်အမျိုးသားနေ့ ဖြစ်သဖြင့် ပရိသတ် ၁၀၀၀ ကျော် လာရောက်အားပေးကြောင်း ပါမောက္ခချမ်းက ပြောသည်။

    “ထိုင်းနိုင်ငံလို နေရာမှာ လာေဖျော်ဖြေရတာ သိပ်၀မ်းသာတယ်၊ ဒီလို မွန်အမျိုးသားနေ့အတွက် ဖျော်ဖြေခွင့် ရတာကို ပိုပြီး ဂုဏ်ယူတယ်၊ မွန်ဒေသမှာတင်မကဘူး ထိုင်းနိုင်ငံမှာလည်း မွန်အမျိုးသားနေ့က စည်ကားတာပဲ၊ ခေတ်လူငယ်တွေဆိုတော့ မွန်ခေတ်ပေါ်သီချင်းတွေ များများဆိုဖြစ်တယ်၊ ကြိုက်ကြလို့ သီချင်းတောင်းတဲ့လူတွေ များတယ်၊ ဆိုပေးရတာ အားရတယ်” ဟု ခေါင်းဆောင်အဆိုတော်က ပြောသည်။

    ၆၄ ကြိမ်မြောက် မဟာချိုင် မွန်အမျိူးသားနေ့ အခမ်းအနား (ဓါတ်ပုံ- ရာမည အလုပ်သမား သမဂ္ဂ)

    ထိုင်းနိုင်ငံရောက် မွန်လူမျိုးသာမက တိုင်းရင်းသား လူမျိုးပေါင်းစုံ လာရောက်အားပေးကြပြီး မတ်လဆန်းတွင် ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါးဒေသတွင် သွားရောက်ဖျော်ဖြေဦးမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

    “မွန်အဆိုတော်တွေကို လူကိုယ်တိုင် တွေ့ရပြီး သူတို့သီချင်းတွေကို နားဆင်လိုက်ရဝာာ နေရပ်က မိဘဆွေမျိုးတွေကို လွမ်းမိတယ်၊ နောက်ပြီး ကိုယ့်မွန် ဒေသကိုလည်း ပိုလွမ်းမိတယ်”ဟု မဟာချိုင်တွင် ၅ နှစ်ကြာ အလုပ်လုပ်နေသည့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်သား တဦးက ပြောသည်။

    မဟာချိုင်မြို့သည် ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့ အနောက်တောင်ဘက် ၃၆ ကီကိုမီတာအကွာတွင် တည်ရှိသည်။

    ယခင်နှစ် ထိုင်းနိုင်ငံ မဟာချိုင်မြို့၏ ၆၃ ကြိမ်မြောက် မွန်အမျိုးသားနေ့တွင်လည်း မွန်တေးဂီတအဖွဲ့တဖွဲ့ ဖြစ်သည့် အဆိုတော် စမိုင်းချမ်း ဦးဆောင်သည့် ဂီတအလင်္ကာ မွန်တေးဂီတအဖွဲ့ လာရောက် ဖျော်ဖြေခဲ့သေးသည်။

    လွန်ခဲ့သည့်နှစ်များတွင် ကျင်းပသည့် မဟာချိုင် မွန်အမျိုးသားနေ့တွင် ထိုင်းရဲများက လာရောက်ဖမ်းဆီးခြင်းများ ရှိခဲ့သော်လည်း ယခုနှစ်တွင် အဖမ်းအဆီး မရှိသည့်ပြင် သူတို့ကိုယ်တိုင် လာရောက် စောင့်ရှောက်ပေးခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts