spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းနိုင်ငံရေး၊ စစ်ရေးပြဿနာကို တပ်ပေါင်းစုဖြစ်သာ ဆွေးနွေးမည်ဟု မွန်ပြည်သစ် ပြော

    နိုင်ငံရေး၊ စစ်ရေးပြဿနာကို တပ်ပေါင်းစုဖြစ်သာ ဆွေးနွေးမည်ဟု မွန်ပြည်သစ် ပြော

    -

    ၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌ နိုင်ရဿ နှင့် နိုင်ဟံသာ

    မင်းတော်လဝီ-နိုင်ငံရေး၊ စစ်ရေးပြဿနာများကို တဖွဲ့ချင်းအနေနှင့် ဖြေရှင်းမည် မဟုတ်ပဲ ကျယ်ပြန့်သော တပ်ပေါင်းစုဖြင့်သာ စစ်အစိုးရနှင့် ဖြေရှင်းမည် ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုဒေသတွင် ကျင်းပသည့် ၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားတွင် ပါတီ ဒု-ဥက္ကဌက ပြောသည်။

    “နိုင်ငံရေး ဆွေးနွေးပွဲ လုပ်မယ်လို့ သူတို့ (မြန်မာစစ်အစိုးရ) ပြောလာရင် ကျနော်တို့က အချိန်မရွေး ပြန်ပြီးဆွေးနွေးမယ်၊ ဒါပေမဲ့ ကျနော်တို့ တဖွဲ့တည်းနဲ့ မသွားဘူး။ တပ်ပေါင်းစုအနေနဲ့ သွားပြီး ဆွေးနွေးမယ်” ဟု ဒုဥက္ကဌ နိုင်ရဿက ပြောသည်။

    မွန်ပြည်သစ်ပါတီအနေနှင့် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းပြီး စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို လက်ကိုင်ထားခြင်း ဖြစ်ကြောင်း ပါတီခေါင်းဆောင်က ပြောသည်။

    ပါတီအနေနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းလိုသော်လည်း စစ်အစိုးရက တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို စိတ်မ၀င်စားဘဲ လက်နက် အင်အားသုံးပြီး ဖြေရှင်းလိုသည့်အတွက် မလွှဲမရှောင်သာ လက်နက် အင်အားသုံးပြီး ပြန်လည်ဖြေရှင်းရတော့မည် ဖြစ်ကြောင်း ပါတီအထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

    “တကယ်လို့ စစ်အစိုးရက လက်နက်နဲ့ ကျနော်တို့ကို ရင်ဆိုင်မယ်ဆိုရင် ကျနော်တို့ကလည်း တိုက်ဖို့ အဆင်သင့်ပါပဲ” ဟု နိုင်ဟံသာက ပြောသည်။

    မွန်ပြည်သစ်ပါတီ အနေနှင့် တဖက်တွင် နိုင်ငံရေးအရ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုနေသကဲ့သို့ အခြားတဖက်တွင်လည်း စစ်ရေးအရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းပြီး စစ်အစိုးရနှင့် ရင်ဆိုင်ရန် ပြင်ဆင်ထားသည်။

    မွန်ပြည်သစ်ပါတီသည် စစ်အစိုးရနှင့် ၁၅ နှစ်တာ အပစ်အခတ် ရပ်စဲပြီးနောက် ၂၀၁၀ ခုနှစ် စက်တင်ဘာ (၁) ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့သည်။ စစ်အစိုးရကို နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးအရ ရင်ဆိုင်ရန်အတွက် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းပြီး ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် “ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ” ကို ဖွဲ့စည်းခဲ့ပြီးနောက် ယခုဖေဖေါ်ဝါရီလ ၁၆ ရက်နေ့တွင် “ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ” ကို ထပ်မံ ဖွဲ့စည်းခဲ့သည်။

    လတ်တလော “ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ” ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး ဆက်လက်တိုးချဲ့သွားမည်ဟု မွန်ပြည်သစ်ပါတီ နိုင်ဟံသာက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts