Monday, March 16, 2026
More
    spot_img
    Homeသတင်းနအဖနှင့် ကေအဲန်ယူတပ်ဖွဲ့တိုက်ပွဲကြား ကလေး ၂ ဦးဒဏ်ရာရ

    နအဖနှင့် ကေအဲန်ယူတပ်ဖွဲ့တိုက်ပွဲကြား ကလေး ၂ ဦးဒဏ်ရာရ

    -

    ဂျူရီချိုင်း – ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်ရှိ မြိုင်သာယာကျေးရွာတွင် ယမန်နေ့က နအဖတပ်နှင့် ကေအဲန်ယူတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကာ ကလေး ၂ ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားသည်။

    ယမန်နေ့ ညနေ ၂ နာရီဝန်းကျင်ခန့်တွင် ကေအဲန်ယူက မိုင်းစဖောက်ပြီး နအဖဘက်မှ စတင်ပစ်ခတ်ခြင်းဖြစ်သည်။ သေနတ်သံကြောင့် ရွာအပြင်မှာ ဆော့ကစားနေသည့် ကလေ ၂ ဦး အိမ်သို့အပြန် ပြေးလာရာမှာ ယခုလို အပစ်ခတ်ခံခဲ့ရသည်ဟု မြိုင်သာယာကျေးရွာရှိ ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

    “ဟုတ်တယ် ခလေးနှစ်ဦးဒဏ်ရာအပြင်းအထန်ရသွားတယ်၊ ပေါင်ပေါ်မှာရော လက်မှာရော
    အများပဲ ထိသွားတယ်” ဟု ၄င်းမျက်မြင်က ပြောသည်။

    ဒဏ်ရာအပြင်းအထန်ရရှိသွားသည့် ကလေးနှစ်ဦးမှာ အသက် ၈/၉ နှစ်ခန့်ရှိသည့် ယောကျာ်းလေးများဖြစ်သည်။

    ဒဏ်ရာရရှိသည့် ကလေးနှစ်ဦးကို တဒိန်ကျေးရွာရှိ ဆေးခန်းမှတဆင့် ဘုရားသုံးဆူမြို့ ဆေးရုံသို့ အရေးပေါ်လူနာအဖြစ် ယမန်နေ့က ဆေးကုသခံယူနေရကြောင်း ၎င်းက ဆက်ပြောသည်။

    တိုက်ပွဲမှာ စစ်အစိုးရတပ် တပ်မ (၂၂) တပ်ဖွဲ့မှ ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိပြီး ၁ ဦး ခြေပြတ်သွားကြောင်း ကေအဲန်ယူ တပ်ရင်း (၁၆) ခွဲ (၂) ဘက်မှ ထိခိုက်မှုမရှိဟု တဒိန်ရွာခံတစ်ဦးက ပြောသည်။

    “နောက်ထပ် တိုက်ပွဲတွေထပ်ဖြစ်ပွားပါက တိုက်ပွဲဖြစ်တဲ့ကျေးရွာတွေကို မီးရှို့ပစ်မယ်လို့ နအဖတပ်က ပြောထားတယ်” ဟု ၎င်းက ပြောသည်။

    တိုက်ပွဲမှာ ဒဏ်ရာရရှိထားသည့် စစ်အစိုးရတပ်များကို ချောင်းဆုံကျေးရွာသို့ ထမ်းသယ်သွားရန် ယနေ့နံနက်တွင် မြိုင်သာယာရွာခံ (၁၀) ဦးကို ပေါ်တာအဖြစ် ခေါ်ဆောင်သွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

    မြိုင်သာယာကျေးရွာသည် တဒိန်ကျေးရွာမှ နှစ်မိုင်ခန့်အကွာမှာတည်ရှိပြီး အိမ်ခြေ ၆၀ ခန့်ရှိသည်။

    ဘုရားသုံးဆူမြို့နယ်အတွင်း စစ်အစိုးရနှင့် ကေအဲန်ယူတပ်ဖွဲ့တို့ တိုက်ပွဲမကြာခဏဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူများ ရွာပြင်မထွက်ရဲသည်ထိရှိပြီး တချို့မှာ ကျေးရွာပြောင်းရွှေ့လိုက်သည်လည်းရှိသည်ဟု ဒေသခံတွေက ပြောသည်။

    ယခုလို စစ်အစိုးရတပ်နှင့် ကေအဲန်ယူတိုက်ပွဲကြား ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာလည်း ဘုရားသုံးဆူမြို့သို့ မဲရုံမှူးအတွက် လုံခြုံရေးပေးသည့် ခမရ (၄၀၅) စစ်ကြောင်းနှင့် ကေအဲန်ယူတို့ ချောင်းဆုံကျေးရွာနှင့် ကျုံမိပြင်ကျေးရွာအနီးရှိ ဇီးဖြူတောင်တွင် တိုက်ပွဲဖြစ်ပွားကာ ရွာသား ၂ ဦး ပစ်သတ်ခံရကာ သေဆုံးသွားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks