spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းဆားပျက်စီးမှုများသော်လည်း ဆားစျေး မတက်

    ဆားပျက်စီးမှုများသော်လည်း ဆားစျေး မတက်

    -

    မိလရီထော –  မိုးဆက်တိုက်ရွာထားခြင်းကြောင့် မွန်ပြည်နယ်ရှိ နေလှန်းဆားကွင်း အများအပြား ပျက်စီးမှုရှိနေပေမယ့်လည်း ဆားစျေး မြင့်တက်မှုမရှိကြောင်း ဆားလုပ်ငန်းရှင်တွေက ပြောသည်။

    မိုးမရွာခင်အချိန်နှင့် မိုးရွာပြီးနောက်ပိုင်း ယခုချိန်ထိ ဆားစျေး ပုံမှန်စျေးနှုန်းပင်ရှိနေပြီး ဆားအလုံးကြီး၊ ဆားကြမ်းတစ်ပိဿာမှာ ၅၀ ကျပ်သာရရှိကာ ဆားအလုံးသေး ကြိတ်ပြီးသားကို တစ်ပိဿာလျှင် ၈၀ ကျပ်သာ ရှိနေသည်။

    ထိုင်းနိုင်ငံ မဟာချိုင်က ဝင်လာသည့် ဆားကြောင့် ယခုလို ဆားစျေး မမြင့်တက်ခြင်းဖြစ်သည်ဟု မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ရှိ ပငကျေးရွာမှ ဆားလုပ်ငန်းရှင် နိုင်တင်အောင်က ပြောသည်။

    “(၂၀၀၈) ခုနှစ် နာဂစ်ဖြစ်ပြီးနောက်မှာ ဆားကွင်းတွေ အများအပြား ဖျက်စီးသွားတယ်၊ အဲဒီအချိန်မှာ ဆားစျေး တော်တော်တက်လာတယ်၊ နောက်ပိုင်းမှာတော့ မဟာချိုင်ကနေ ဆားတွေတင်သွင်းလာတော့ ဆားစျေးတွေ ပြန်ကျသွားတယ်၊ အခုဆိုလည်း မဟာချိုင်က ဆားတွေ ပုံနေတော့  ဆားစျေး မတက်ဘူး” ဟု နိုင်တင်အောင်က ပြောသည်။

    မွန်ပြည်နယ်အတွင်း ဆားအများဆုံး ထုတ်လုပ်သောနေရာမှာ သံဖြူဇရပ်မြို့နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ၊ ကျိုင်ခမီမြို့နှင့် စက်စဲတို့မှာ ထုတ်လုပ်ခဲ့သည်။ သံဖြူဇရပ်မြို့နယ်အပြင် ပေါင်မြို့နယ်ရှိ ထန်းပင်ချောင်းရွာနှင့် ရေးမြို့နယ်ရှိ ပလိုင်ကီးကျေးရွာတွေမှာလည်း ဆားအများအပြား ထုတ်လုပ်နေသည်။

    ပငကျေးရွာမှာ အစိုးရပိုင်ဆားလုပ်ငန်းအပြင် ပုဂ္ဂလိကပိုင် ဆားဖို ၄၀ ခန့်ရှိနေသည်။ ပငကျေးရွာမှာ ဆားကွင်း ထောင်ဧကကျော်ရှိပြီး မွန်ပြည်နယ်တွင် ဆားအများဆုံး ထုတ်သည့်နေရာလည်းဖြစ်သည်။

    ဆားလုပ်ကိုင်သူများ ဆားနေလှန်းချိန် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ထိ ၃ ရက်ဆက်တိုက် ရွာချပြီးနောက် မွန်ပြည်နယ်အတွင်းရှိ ဆားကွင်းများ ပျက်စီးကုန်သည်။ မွန်ပြည်နယ်မှာ ဆားကွင်း ဧက ၅၀၀၀ ခန့်ရှိသည်။

    “ကျနော့် ဆားဖိုက အလယ်စားဖိုဖြစ်တယ် ဧက ၃၀ လောက်ရှိတယ်၊ မိုးရွာချလို့ သိန်း ၃၀ လောက် ဆုံးရှုံးခံလိုက်ရတယ်၊ တချို့ဆို ဧကရာချီရှိတယ် သူတို့ဆို ပိုပြီးတော့ ဆုံးရှုံးတာပေါ့ ဒါပေမယ့် နောက် ရက် ၂၀ လောက်ဆို ပြန်လုပ်လို့ ရမယ်” ဟု နိုင်တင်အောင်က ပြောသည်။

    ပငဒေသခံအများစုသည် ဆားလုပ်ငန်း၊ ငါးပိလုပ်ကိုင်ခြင်းဖြင့် အဓိက စီးပွားရေးလုပ်ကိုင်ကြသည့်အတွက် ယခုလို ဆားကွင်းပျက်စီးမှုများရှိခြင်းအပေါ် စီးပွားရေးအခက်အခဲ ကြုံတွေ့နေကြရသည်ဟု ပငဒေသခံတွေက ပြောနေကြသည်။

    ယခုချိန်မှာ နောက်ထပ် နေလှန်းဆားပြန်လုပ်ဖို့ ရေပြန်သွင်းနေပြီးဖြစ်သည်။ နေအပူရှိန် ၂၅ ဒီဂရီ စင်ဒီဂရိတ်လောက်ဆိုရင် ဆားပြန်ဖြစ်နိုင်တယ်ဆိုပြီး ဆားလုပ်ကိုင်နေသူ ပငရွာခံ နိုင်ဝင်းဆိုသူက ပြောသည်။

    “ဆားလုပ်တယ်ဆိုတာက ပထမဦးဆုံး လှန်းရင် အနည်းငယ်ကြာတယ် နှစ်ပတ် လောက်စောင့်ရတယ်၊ နှစ်ခါ သုံးခါလောက် လုပ်ပြီးရင် မကြာတော့ဘူး ၄-၅ ရက်ပဲ စောင့်ရတယ်” ဟု နိုင်ဝင်းက ဆက်ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks