spot_img
Thursday, November 20, 2025
More
    spot_img
    Homeသတင်းနယ်စပ် KPF လက်နက်အပ်သတင်း စစ်အစိုးရ လျှို့ဝှက်ထား

    နယ်စပ် KPF လက်နက်အပ်သတင်း စစ်အစိုးရ လျှို့ဝှက်ထား

    -

    မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ လက်နက်အပ်ပွဲအခမ်းအနား အရှေ့တောင်တိုင်စစ်ဌာနချူပ် (အောက်တိုဘာ ၂၆,၂၀၁၀)

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး စောလေးဝါး ဦးစီးသည့် ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ရှိ ကရင်ငြိမ်းချမ်းရေးတပ် ခေါ် ဟောင်သရောအဖွဲ့ (ကေပီအက်ဖ်) အမှတ် (၃) တပ်ရင်း၏ လက်နက်အပ်နှံသည့် သတင်းကို စစ်အစိုးရက လျှို့ဝှက်ထားကြောင်း သိရသည်။

    လက်နက်အပ်နှံခြင်းကို သုံးဆူအခြေစိုက် ခလရ (၂၈၃) မှ ဗိုလ်မှူးကြီး သိန်းဇော်က ဦးဆောင်ပြီး အခမ်းအနား မပါပဲ ပြုလုပ်ပေးခဲ့ကြောင်း၊ စောလေးဝါး၏ လုံခြုံရေးအတွက် ယခုကဲ့သို့ လက်နက်အပ်သည့်သတင်းကို ဖုံးကွယ်ထားခြင်း ဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “ကေပီအက်ဖ် လက်နက်အပ်တာကို ကေအဲန်ယူ (ကရင်အမျိုးသားအစည်းအရုံး) သိမှာစိုးလို့ တပ်ရင်းမှာ တိတ်တိတ်လေး လက်နက်အပ်လိုက်တယ်” ဟု သူက ပြောသည်။

    စောလေးဝါးသည် ၂၀၀၉ ခုနှစ် ဇူလိုင်လတွင် ကေအဲန်ယူ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် ရက်ပိုင်းအတွင်းတွင် ကေအဲန်ယူက ပြန်လွှတ်ပေးခဲ့သည်။ ပြန်လည်လွတ်မြောက်ရန်အတွက် ကေအဲန်ယူ နှင့် စောလေးဝါးတို့ နားလည်မှု ရယူထားကြသည်ဟုလည်း နီးစပ်သူတို့က ပြောသည်။

    နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကေပီအက်ဖ်မှ အင်အား ၆၀ ကျော်ခန့် လက်နက်ကြီး၊ လက်နက်ငယ် ၄၀ ကျော်နှင့် လက်နက်အပ်ခဲ့ပြီး ၄င်းလက်နက်များကို စစ်အစိုးရတပ်မှ သိမ်းဆည်းလိုက်သည်ဟု အထက်ပါ နီးစပ်သူက ပြောသည်။

    သုံးဆူမြို့ အခြေအနေ ငြိမ်းချမ်းသွားပါက နယ်ခြားစောင့်တပ်ဖွဲ့ ဖွင့်ပွဲကို အခမ်းအနားဖြင့် ပြုလုပ်ပေးမည်ဟု နီးစပ်သူတို့က သုံးသပ်ထားကြသည်။ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ အမျိုးသားတပ်မတော် (ဒီကေဘီအေ) က သုံးဆူမြို့ကို ယခုလဆန်းပိုင်းတွင်
    ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် လက်ရှိတွင် မြို့တွင်း၌ စစ်အစိုးရတပ်များကို ဖြန့်ကျက်ချထားပြီး ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ထားသည်။

    သြဂုတ်လတွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကို မြန်မာစစ်အစိုးရနှင့် ကေပီအက်ဖ်တို့ သဘောတူခဲ့ကြသည်။ ၄င်းလတွင် ကေပီအက်ဖ်မှ အရာရှိအချို့ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ရှိ အမှတ် (၄) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းတွင် သင်တန်းတက်ရောက်ခဲ့ပြီး ဖြစ်ကြောင်း ကေပီအက်ဖ်အရာရှိနှင့် နီးစပ်သူတို့က ပြောသည်။

    စစ်အစိုးရတပ်မှ ကေပီအက်ဖ်အား လက်နက်အပ်နှံရန် ယခုလဆန်းပိုင်းတွင် တောင်းဆိုထားပြီး နိုဝင်ဘာလ ၂၃-၂၄ နေ့တွင် ကေပီအက်ဖ်ထံမှ လက်နက်သိမ်းမည် ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်တွင် ကေပီအက်ဖ် က ယခုကဲ့သို့ လက်နက်အပ်လိုက်ခြင်း ဖြစ်သည်။

    ကေပီအက်ဖ် အမှတ် (၁) နယ်ခြားစောင့်တပ်ရင်း တည်နေရာကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးဒေသ၊ အမှတ် (၂) တပ်ရင်းအတွက် ကျိုက်ဒုံဒေသနှင့် အမှတ် (၃) တပ်ရင်းအတွက် ဘုရားသုံးဆူနယ်စပ်မြို့နှင့် ချောင်းဆုံရွာ သွားသည့် လမ်းမကြီးအကြား ၁၃ ကီလိုမီတာအကွာတွင် စစ်အစိုးရတို့က စီစဉ်ပေးထားသည်ဟု ကေပီအက်ဖ်အဖွဲ့မှ တပ်ခွဲမှူးတစ်ဦး ပြောပြချက်ကို ကိုးကား၍ ခေတ်ပြိုင်တွင် ဖော်ပြထားသည်။

    မွန်ပြည်သစ်ပါတီမှ ခွဲထွက်အဖွဲ့တခု ဖြစ်ပြီး နိုင်ရှောင်း ဦးစီးသည့် မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့က လွန်ခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ အခမ်းအနားဖြင့် လက်နက်အပ်နှံခဲ့သော်လည်း ယနေ့တိုင် နယ်ခြားစောင့်တပ် (သို့) ပြည်သူ့စစ် ဖွဲ့စည်းပေးခြင်း မရှိသေးကြောင်း သိရသည်။

    ကေပီအက်ဖ်သည် ကေအဲန်ယူမှ ခွဲထွက်ပြီး ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စစ်အစိုးရထံ လက်နက်ချခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,000SubscribersSubscribe
    spot_img

    Latest posts